စိတ်ဝင်စားစရာ မေးခွန်းများ


ဝဋ်ကြွေးကျေအောင် ဘယ်လိုပေးဆပ်ရပါမလဲ

မေး။       ။ ယခင်ဘ၀များက ၀ဋ်ကြွေးများ ပါရှိနေလျှင် ယင်းဝဋ်ကြွေးများ ကျေအောင် မြတ်စွာဘုရားထံ၌ မည်ကဲ့သို့ ပေးဆပ်ရမည်ကိုအကျယ်တ၀င့် ရှင်းလင်းဖြေကြားပေးတော်မူပါဘုရား။
( မခိုင်-မရမ်းကုန်းမြို့နယ်၊ ရန်ကုန် )

ဖြေ။    ။ ၀ဋ်ကြွေးဟူသည်မှာ မိမိပြုခဲ့သော မကောင်းမှုများမှ ငရဲစသော ပဋိသန္ဓေကျိုးပေးပြီးနောက် အကျိုးဆက်အနေဖြင့် ကျန်ရှိနေသော ကံကြွင်းဖြစ်သည်။ထိုကံကြွင်းကြောင့် ဤဘ၀ ပ၀တ္တိအခါတွင် ခံစားရသော ဘေးဒုက္ခများပင် ဖြစ်သည်၊

ဥပမာ- သူတဦးတယောက်ကို ဓားဖြင့်ခုတ်သတ်ခဲ့၍ ငရဲ၌ ကျရောက် ခံစားရသည်၊ငရဲမှလွတ်ကာ တိရစ္ဆာန် စသည်ဖြစ်ရာ ဓားခုတ်ခံရ၍  သေခြင်း၊ လူ့ဘ၀ရောက်သည့်တိုင်အောင် ဓားလက်နက်ဖြင့် ထိပါး၍ သေရခြင်းစသည်ဖြင့် ၀ဋ်ကြွေးများကို ခံစားရတတ်ပါသည်။

သူ့အသက်ကိုသတ်ရာ၌ အသတ်ခံရသူ မသေ၍ ကမ္မပထ ကံ မမြောက်သဖြင့် ငရဲ၌ မခံရသည့်တိုင်အောင်သေလောက်
သည့်လက်နက် တမျိုးမျိုး ထိခိုက်ရှနာခြင်း-စသော ၀ဋ်ကြွေးများလည်း ရှိတတ်ပါသည်၊ ယင်းဝဋ်ကြွေးအန္တရာယ်မှ ကင်းလွတ်ရန်၊သို့မဟုတ် သက်သာရန် မြတ်စွာဘုရားထံ၌ ပေးဆပ်ရန်မလို၊ ကုသိုလ်ကောင်းမှုများကို အဆက်မပြတ် ပြုလုပ်ရန်သာ လိုပါသည်၊

အကုသိုလ်အန္တရာယ်များ ကြားဖြတ် မ၀င်နိုင်ရန် သရဏဂုံသီလကို မပျက်အောင် ကျိုးပေါက်ပြောက် ကျား မရှိအောင် စောင့်ရှောက် ထိန်းသိမ်းခြင်း၊အမြဲတမ်း ဘုရားရှိခိုး၍ ပရိတ်မေတ္တာ ဘာဝနာတို့ကို  ပွားများ၍နေခြင်း၊ သမထ  ၀ိပဿနာ တို့ကို သင့်လျော်သလို အားထုတ်ခြင်း၊ဒါနကုသိုလ်ကို သင့်လျော်သလို ပြုလုပ်ခြင်း၊ စသည်ဖြင့် ကုသိုလ်တရားဖြင့် ထုံမွမ်းနိုင်ရန်၊ ကုသိုလ်ကံ စေတနာ အားသေးမသွား ရန် အရေးကြီးပါသည်၊

အဘယ့်ကြောင့်ဆိုသော် ၀ဋ်ကြွေးအန္တရာယ်တို့မှာ ကုသိုလ်ကံ အားနည်းအားပျော့နေချိန်တွင်ဝင်ရောက်တတ်သော ကြောင့်
ပင် ဖြစ်ပါသည်။

 မေး။   ။  စိတ် လျှင်မြန်ပုံများ

လူနှစ်ယောက်တို့သည် ဤလူ့ပြည်က တပြိုင်နက်သေ၍ တစ်ယောက်က ဗြဟ္မာ့ပြည့်၌ ဖြစ်၍
တစ်ယောက်က ဤလူ့ပြည်၌ ဖြစ်ကြရာ အဘယ်သူက အလျင်ဖြစ်နိုင်( ရောက်နိုင် )ပါသနည်း။

ဖြေ။  ။ မည်သည့်ဘ၀၌ပင်ဖြစ်စေ အဘိဓမ္မာအရ စုတိစိတ် နောင်-ပဋိသန္ဓေစိတ် ဖြစ်ရ၍ ဗြဟ္မာ့ပြည်နှင့် ဤလူ့ပြည် နှစ်ရပ်၌ တပြိုင်နက်ပင် ပဋိသန္ဓေယူနိုင် ဖြစ်နိုင်ကြပါသည်။

ရှင်းလင်းချက်။ ။ ဤအကြောင်းကို ထင်ရှားရန် မိလိန္ဒပဥှာမှ လောကနှစ်ခု ဖြစ်ရမှု၌ တူမျှပုံ ပြဿနာကို ဖော်ပြပါမည်။
မိလိန္ဒမင်းသည် -အရှင်ဘုရား နာဂသေန ဤလူ့ပြည်၌ သေလွန်၍ ဗြဟ္မာ့ပြည်၌ ဖြစ်သောသူ၊ဤလူ့ပြည်၌ သေလွန်၍  ကသ္မီရတိုင်း၌ ဖြစ်သောသူ ဤသူနှစ်ဦးတို့တွင် အဘယ်သူက ကြာမြင့်၍ အဘယ်သူက လျင်မြန်ပါသနည်း-ဟု မေးလျှောက်သော်

မင်းမြတ်-ထိုသူနှစ်ယောက်တို့သည် တပြိုင်နက်တည်းပင်  ဖြစ်ပါ၏-ဟု မိန့်တော်မူ၏။

အရှင်ဘုရား၊ ဥပမာပြုတော်မူပါဦးလော့
မင်းမြတ်၊ သင်သည် အဘယ်မြို့ ၌ မွေးဖွားပါသနည်း၊
အရှင်ဘုရား၊ ကလသိမည်သော ရွာ၌ မွေးဖွားပါသည်။

မင်းမြတ်၊ ယင်းကလသိရွာသည် ဤသာဂလမြို့မှ အဘယ်မျှလောက် ဝေးကွာပါသနည်း။
အရှင်ဘုရား၊ ယူဇနာအားဖြင့် နှစ်ရာတိုင်တိုင် ဝေးကွာပါသည်။

မင်းမြတ်၊ ကသ္မီရတိုင်းသည် ဤသာဂလပြည်မှ အဘယ်မျှလောက် ဝေးကွာပါသနည်း၊
အရှင်ဘုရား၊ တဆယ့်နှစ်ယူဇနာ ဝေးကွာပါသည်။

မင်းမြတ်၊ တိုက်တွန်းပါ၏၊ သင် မင်းမြတ်သည် ကလသိရွာကို ကြံ စည်အောက်မေ့( စိတ်ကူးလိုက် ) ပါလော့။
အရှင်ဘုရား၊ ကြံစည်အောက်မေ့စိတ်ကူးလို့  ပြီးပါပြီဘုရား။

မင်းမြတ်၊ တိုက်တွန်းပါ၏၊ သင်မင်းမြတ်သည် ကသ္မီရတိုင်းကို ကြံစည်အောက်မေ့ပါလော။
အရှင်ဘုရား၊ ကြံစည်အောက်မေ့  ပြီးပါပြီဘုရား။

မင်းမြတ်၊ အဘယ်အရပ်ကို ကြာမြင့်စွာ ကြံ စည်အောက်မေ့ရသနည်း။
အဘယ်အရပ်ကို လျင်မြန်စွာ ကြံစည်အောက်မေ့ရသနည်း။
အရှင်ဘုရား၊ အညီအမျှ အတူတူပင် ကြံစည်အောက်မေ့ရပါသည်ဘုရား။

မင်းမြတ်၊ ဤအတူသာလျှင် ဤလူ့ပြည်၌ သေလွန်၍ ဗြဟ္မာ့ပြည်၌ ဖြစ်သောသူ၊ ဤလူ့ပြည်၌ သေလွန်၍ ကသ္မီရတိုင်း၌ ဖြစ်သောသူ၊ ဤသူနှစ်ဦးတို့သည် တပြိုင်နက် ပင်  (အတူတူပင်) ဖြစ်ကြရပါကုန်၏-ဟု ဖြေတော်မူလေ၏။

ဤအမေးအဖြေ၌ မိလိန္ဒမင်းက အချို့လူများ ယူဆသကဲ့သို့ သေသူ၏အသက်ဝိညာဉ်သည် ဤဘ၀က သေဆုံးပြီးလျှင် မိမိပဋိသန္ဓေတွယ်နေရမည့် ဘ၀သို့ ရှာဖွေ၍ သွားနေရသည်၊ ဘ၀တခုနှင့်တခု အကြား၌ ၀ိညာဉ်သည် တွယ်စရာမရှိ၊ လွင့်ပါးသွားလာနေရသေးသည် ဟု ယူဆ၍ မေးခြင်းဖြစ်သည်။

အရှင်နာဂသေန-က အဘိဓမ္မာအရ စုတိစိတ် အဆုံးသတ်ချုပ်လျှင် ( သေဆုံးလျှင်) ထိုစုတိစိတ်၏ အခြားမဲ့ ( တခဏချင်း အချိန်အတွင်း )၌သာလျှင် ပဋိသန္ဓေစိတ် ဆက်လက်ဖြစ်သည်။
မည်သည့်ဘ၀ မည်မျှလောက် ဝေးသည့် ဘုံသို့ပင် ဖြစ်ရမည် ဖြစ်စေ၊ သာဂလနေပြည်တော်မှ ကလသိရွာကို စိတ်ကူး၍ ချက်ချင်းထင်မြင်ရသလိုပင်စိတ်မြန်သလောက် အမြန်ပင်  ဖြစ်ရကြောင်း ဥပမာပြ၍ ဖြေဆိုတော်မူလေသည်။

ဤအမေးအဖြေကို ထောက်ဆ၍ သေလွန်သူသည် ဘ၀တခုသို့ မရောက်မီ ကြားဘ၀တခု ( တစ္ဆေ ၊ သရဲဘ၀၊ မှင်စာ၊ ကြပ်၊ စုန်း၊ ကဝေ စသည်ဖြင့် ) ရှိနေသေးသည်၊ ခုနှစ်ရက်ခန့် လွင့်ပါးနေရသေးသည်၊
အိမ်အနီးမှာပင် စောင့်ဆိုင်းနေရသေးသည်၊ ထိုအခိုက်တွင် တန်ခိုးရှင်တို့ကဲ့သို့ အရာခပ်သိမ်းကို မြင်နိုင်သည်၊  မိမိအလောင်းအနီး၌ ဆွေမျိုးတို့ ငိုနေသည်ကိုပင် တွေ့နေရသည်၊ ( ၇ ) ရက်ကျော်လွန်မှ ရက်လည်ဆွမ်းသွတ်တရားနာပြီး မှ ကျွတ်လွတ်သွားသည်၊ ပြီးမှ  လိုရာအရပ်သို့ ခဏချင်းသွားရောက် နိုင် သည်ဟူသော ၀ိညာဉ်ဝါဒ ရှိသူတို့၏ အယူကို  လက်သင့်မခံပဲ ပယ်ဖျောက်သင့်ပါသည်။.

 မေး။         ။  ဘုရားကိုးဆူ ဖြစ်ပေါ်လာပုံ

ဘုရားကိုးဆူ သမိုင်းကြောင်းနှင့် ဘုရားကိုးဆူ နေရာချထားပုံ၊
ရွတ်ဖတ်မှုကို ရဟန်းတော်များ မလုပ်ဘဲ လူများလုပ်ခြင်းနှင့် နေ့မလုပ်ဘဲ ညလုပ်ရပုံများ သိလိုပါသည်ဘုရား။
( ထွေးလင်းထွဋ်-အင်းစိန် ) ( ထိုက်ထိုက်-တံတားဦး ) ( ၀င်းနိုင်ဦး-သံကုန်း )

ဖြေ ။    ။ သက္ကရာဇ် ၉၂၀-ကျော် ဘုရင့်နောင်မင်းကြီး လက်ထက် ဇင်းမယ်ပြည်မှ နတ်ကြီး ၉-ပါး ပူဇော်ပွဲကို ဘုရင့်နောင်မင်းတရားကြီး သားတော် ဇင်းမယ်စား နော်ရထာစောက သာသနာပြု ဆရာတော်များနှင့် တိုင်ပင်၍ ဓမ္မပဒ၊ အာယုဝဍ္ဎန သတို့သား ၀တ္ထုအရ ဘုရားကိုးဆူ ပူဇော်မှုကို စီရင်ခဲ့သည်-ဟု သမိုင်းများက ဆိုပါသည်။

အလယ်ဗဟိုမှာ မြတ်စွာဘုရား သီတင်းသုံး၍
လက်ယာဘက် တောင်အရပ်မှ လက်ယာတော်ရံ အရှင်သာရိပုတ္တရာ၊
လက်ဝဲဘက် မြောက်အရပ်မှ လက်ဝဲတော်ရံ အရှင်မဟာမောဂ္ဂလ္လာန်၊
အရှေ့တော် အရှေ့အရပ်မှ သက်တော်အကြီးဆုံး အရှင်ကောဏ္ဍည၊
နောက်တော် အနောက်အရပ်မှ နောက်တော်ပါ အလုပ်အကျွေး အရှင်အာနန္ဒာ၊
( ဤလေးပါးကို လောကုတ္တရာနည်းအရ နေရာချထား၏ )

တနင်္ဂနွေထောင့်မှာ ဂြိုဟ်သက်အငယ်ဆုံးဖြစ်၍ သက်တော်အငယ်ဆုံး အရှင်ရာဟုလာ၊
အင်္ဂါထောင့် အရှင်သာရိပုတ္တရာ အနီး၌ ၄င်း၏ညီအငယ် အရှင်ရေ၀တ၊
စနေထောင့်၌ စနေနံသည် တရားသူကြီးဂြိုဟ်ဖြစ်၍ ၀ိနယဓရ အရှင်ဥပါလိ၊
ရာဟုထောင့်၌ ပသု-ဟူသော ရာဟုဂြိုဟ်၏ ပရိယာယ်အရ ( ပသု-နွားလားတို့၏၊ ပတိ-အရှင်ဖြစ်သော ) အရှင်ဂ၀ံပတိ၊
( ဤလေးပါးကို လောကီနည်းအရ နေရာချထား၏ )
ဤသို့ ရဟန္တာ ၈-ပါးကို နေရာချထားပေးသည်။

ဘုရားကိုးဆူ ပူဇော်ရာ၌ နံနက် အရုဏ်တက်ချိန်တွင် ဆွမ်းကပ်လှူရမည်ဖြစ်၍ ညပိုင်းတွင် ပြင်ဆင်ပင့်ဆောင်ထားရသည်၊
ဘုရားကိုးဆူ ဒါယကာက ဧည့်သည်များကို ညတွင်ဖိတ်ကြားကာ ဘုရားဖူးစေသဖြင့် ညမှာ ကျင်းပသကဲ့သို့ ဖြစ်နေသည်။ ထို့ပြင် ညပိုင်းတွင် ဘုရားပင့်ခြင်း၊ ရွတ်ဆိုခြင်းတို့မှာ လူတို့အလုပ်ဖြစ်၍ ရဟန်းတော်များနှင့် မသက်ဆိုင်ဘဲလည်း ဖြစ်နေပေသည်။

ဘုရားကိုးဆူ ပူဇော်မှုကို အိမ်ရှင်များက ကျန်းမာ ချမ်းသာ အသက်ရှည်စွာနှင့် ဘေးအန္တရာယ် ကင်းကွာ၍ကျက်သရေမင်္ဂလာ တိုးတက်ရန် ပြုလုပ်လေ့ရှိကြပါသည်၊ ထိုကိစ္စအားလျော်စွာ အိမ်ရှင်တို့ကိုယ်တိုင် အိမ်၌ ဘုရားကိုးဆူ ပူဇော်ထားစဉ် ဘုရားရှိခိုးခြင်း၊ ရွတ်ဆိုဆုတောင်းခြင်း၊ ဆွမ်းဘောဇဉ်ဆက်ကပ်ခြင်းတို့ကိုဘိသိက်ဆရာကို လွှဲမထားဘဲ ကိုယ်တိုင်ပြုလုပ်မှသာ ဘုရားကိုးဆူ ပူဇော်ပွဲဆိုသည်မှာ အဓိပ္ပါယ် ပြည့်ဝစရာ ရှိပါလိမ့်မည်။

ဘဒ္ဒန္တတိလောကသာရ ( ရဝေထွန်း ) ဆရာတော်ဖြေကြားသည်။