ကံကိုချည်းပုံချတတ်သော အမှား




ဖြူစင်သော အ၀တ်အစားများကို အစွန်းအထင်းများ စွန်းပေခဲ့သော် ဆေးများဖြင့် ဖျက်ကြရသည်။ သို့သော် ခဏခဏ စွန်းပေပါများလာလျှင် (သို့) လက်နှီးစုတ်ဖြစ်သွား လျှင်ကား ဖျက်ဖို့ခဲရင်းသွားပါသည်။ ထို့အတူပင် အတွေးမှားအကြံမှား အယူအဆမှား များကို လူတိုင်းလို ကျင့်သုံးဖန်များလာ လျှင် အမှားကြာ အမှန်ဖြစ်ဆိုသလို အယူအဆ မှားကို ဖျက်ဆီးပစ်ဖို့ ခဲယင်းလှပါသည်။

လူ့လောက၌ လူအမျိုးမျိုး စိတ်အထွေထွေ ရှိကြလေရာ စိတ်ဆန္ဒမျိုးစုံ အယူဝါဒမျိုးစုံ ကွဲပြားနေကြပါသည်။ စိတ်ဆန္ဒချင်း အယူဝါဒချင်း မတူသော်လည်း တစ်ဦးနှင့်တစ်ဦး ကောင်းကွက်ကို ရှာဖွေကာ သည်းခံပေါင်းသင်းနေကြရသည်..။ လူအများစုသည်ကား အတွေးမှား အကြံမှား အယူအဆမှားတို့ ဖြင့် အမှားသံသရာကြီးထဲမှာ မှားပြီးယင်းမှားက ဆင်းရဲတွင်း နစ်နေကြပါသည်။ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာ ၀င်းများပင် အတွေးမှား အကြံမှား အယူအဆမှားကြီးများကို အမှန်ဟုယူဆကာ ကျင့်သုံးနေကြဆဲဖြစ် ပါသည်။ ထိုအမှား ကြီးများကို ဖယ်ရှားပေးကာ လမ်းမှန်ကိုညွှန်ပြပေးဖို့ရန် ကျွန်ုပ်တို့ တာဝန်ဖြစ်ပါ၏။

ကံကိုချည်းပုံချတတ်သော အမှားတစ်ခု


ဗုဒ္ဓဘာသာမှန်လျှင် နံပါတ်(၁)အချက်က ကံနှင့်ကံ၏အကျိုးကို ယုံကြည်ရပါမည်။ သို့သော် ကံကြမ္မာကို ယိုးမယ်ဖွဲ့ကာ လူမတန် ကံကိုချ အပျင်းမွေးသူ ဆင်းရဲလှ ဆိုသကဲ့သို့ အတိတ်ကံကိုချည်းပုံချကာ ဘ၀ကို အရှုံးပေးတာမျိုးသည် အလွန်မှားယွင်းသော မဟာအမှားကြီးဖြစ်ပါသည်။

လူကမစွမ်းနိုင်သည့်အခါ၊ လူကအသုံးမကျသည့်အခါ ကံဉာဏ်ဝီရိယကို နှစ်ဆတိုးပြီး ကြိုးစားရမည့် အစား ဒို့ကတော့ ကံမကောင်းဘူး ဒို့လုပ်ရင် ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ပါဘူးဆိုကာ ကံကိုပုံချကာ ဘ၀ကို အရှုံးပေးသွားတတ်ကြသည်။ ကံတရားကိုပုံချရုံတင်မက အတိတ်က ကုသိုလ်ကံလေးများ ကိုယ့်ဘက်ကို မျက်နှာသာပေးလိုပေးငြား ၂လုံးထီ သုံးလုံးထီများကို အားကိုးကာ အလွယ်လမ်းကို လိုက်ကြလေသည်။ တစ်နေ့ပေါက်နိုး နှစ်နေ့ပေါက်နိုးနှင့်ပင် ငွေမျောငွေနှင့်လိုက်ရင်း ဆင်းရဲသည်ထက် ဆင်းရဲလာကြလေသည်။

မဃဒေ၀ဆရာတော်ကြီးက

"အယူတစ်စောင်း၊ ကံတစ်ကြောင်းမျှ၊ မကောင်းလဲကံ၊ ကောင်းလည်းကံဟု၊ ကံကိုချည်းသာ၊ မကိုးရာဘူး၊ ကံမွဲဉာဏ်နုံ့ ၊ မလုံ့မလ၊ နတ်မမဘူး"

ဟု စပ်ဆိုတော်မူခဲ့သည်။ ဆိုလိုသည်မှာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကံကိုချည်းပုံမချလိုက်ပါနှင့်၊ ကံကမွဲ ဉာဏ်ကမွဲ၊ လုံ့လကမွဲလျှင် မည်သို့မျှ မကြီးပွားနိုင် ဟုဆိုလိုပါသည်။

နိမ့်နေသော ကံကို မြင့်အောင်၊ ဆိုးနေသောကံကို ကောင်းအောင် ကံကိုကြိုးစား ပြုပြင်ဘို့ လိုပါသည်။ ကံဆိုသည်မှာ အလုပ်။ အလုပ်ကောင်းလျှင် ကံကောင်းပါမည်။ သို့သော် အခု ရေတွင်းတူး အခုရေကြည်သောက်ချင်လို့ မရနိုင်ပါ။ အတိတ်ကပြုခဲ့သော အကုသိုလ်ကြောင့် ကံဆိုးမိုးမှောင်ကျနေသော်လည်း လက်ရှိဘ၀မှာ ကံမြင့်ကြောင်း၊ ကံကောင်းကြောင်း ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်သည့်အတွက် အကုသိုလ်ကံ၏ ဆိုးကျိုးများ လျှော့ပါးသွားနိုင်သည်ကို နားလည်သင့်လှပေသည်။

အတိတ်ဝေးစွာ ရှေးအခါက လူငယ်လေးတစ်ယောက် ဒိသာပါမောက္ခဆရာကြီး၏ တက္ကသိုလ်တွင် ပညာသင်ကြားနေချိန် ဆရာကြီးက သူ့တပည့်၏ ဇာတာစန်းလဂ် အညံ့တွေကြောင့် ခုနစ်ရက်အတွင်းသေမည့်ကိန်းအတိအကျတွေ့ရှိလာသည်။ ထိုအခါ ဆရာကြီးက ပရိယာယ်မာယာသုံးကာ တပည့်ကို မိဘများထံ အလွမ်းပြေ အလည်ပြန်ခိုင်းလိုက်လေသည်..။ တပည့်ကတော့ သူသေမှာကို မသိရှာ။

ခရီးဝေးလွန်းလှသော အိမ်ပြန်လမ်းတွင် ပျက်နေသော လမ်းများကို ပြင်သွားသည်။ ကြိုးနေသော တံတားများကို အသစ်ပြုပြင်သွားသည်။ ရှုပ်နေသော လမ်းများကို ရှင်းလင်းသွားသည်။ သေဘေးကြုံနေသော တိရစ္ဆာန်လေးများကို အသက်ကယ် သွားသည်။ နိမ့်ကျနေသော ညောင်ကိုင်းများကို မြင့်အောင် ထောက်သွားသည်။ သည်လိုနှင့်ပင် အိမ်ကို ရောက်သွားပါသည်။ အိမ်မှာ မိဘများနှင့် ပျော်ပျော်ရွှင်ရွှင် အတူတကွနေထိုင်။ မိဘကိုလုပ်ကျွေးပြုစုကာ ကျောင်းသို့ ပြန်လာခဲ့လေသည်။

ခုနစ်ရက်ကျော်မှ မသေဘဲပြန်လာသော တပည့်ကိုကြည့်ကာ ဆရာကြီး အံ့သြသွား လေသည်။ တပည့်က သူ အိမ်အပြန်လမ်းမှာ စိတ်ကောင်းစေတနာကောင်းတွေနဲ့ ကောင်းမှုကုသိုလ်ပြုလုပ် ခဲ့သည်များကို ပြောပြသည်။ တပည့်က အသက်ရှည်ကြောင်း ကောင်းမှုများကို ပြုသည့်အတွက် အသက်ရှည်သွားခဲ့သည်ကို ဆရာကြီးနားလည်သွား ပါသည်။

ထို့အတူပင် ကျွန်ုပ်တို့လည်းပဲ ကံဆိုးမိုးမှောင်ကျသည့်အခါ၊ ဖြစ်ချင်သည့်ဆန္ဒ အလျှောက်ကြိုးစားသော်လည်း မရသည့်အခါ ငါနဲ့မထိုက်လို့သာ၊ ငါ့ကံကိုက ကြီးပွားချမ်းသာဖို့ မပါလာဘူးနဲ့တူပါတယ်..လို့ ကံကိုပုံချကာ ဘ၀ကို အရှုံးပေးကြ မည်လား..။ ကံပြုသမျှ နုကြမည်လား။ လောကဓံလှိုင်းတံပိုးအောက်မှာ ပြားပြားမှောက် လည်စင်းခံကြမည်လား စဉ်းစားကြပါ။

ကံပြုသမျှနုကြမည်ဆိုလျှင် "လူမတန် ကံကိုချ အပျင်းမွေးသူ ဆင်းရဲလှ" ဆိုသည့်အတိုင်း ကျွန်ုပ်တို့သည် တကယ့်ကို လူဖျင်းလူညံ့များဖြစ်သွားပါလိမ့်မည်..။ "ဗေဒါပျံ အံကိုခဲ ပန်းပန်လျှက်ပဲ".. ဆိုသ ကဲ့သို့ လောကဓံလှိုင်းကြမ်းလေ ကြမ်းရေစီးကြမ်း ကြမ်းချင်သလောက်ကြမ်းပါစေ မလျှော့သောဇွဲလုံ့လဖြင့် ကြိုးစားသင့်လှပေသည်။

ဆရာအတ္တကျော်ပြောသော ပုံပမာလေးကို ပြောပါရစေ။ လယ်သမားတစ်ယောက် လယ်ထွန်ချိန် ခေတ္တနားသောအခါ နွားများကို လွှတ်ကြောင်းထားလိုက်သည်။ နွားအိုကြီးတစ်ကောင် မမြင်မစမ်းနှင့် ရေတွင်းပျက်ထဲကျလေသည်။ တွင်းကလဲနက် နွားကလဲ အိုနေပြီ ပြန်ဆွဲတင်ဖို့ရန်လဲမလွယ်၍ (စိတ်မကောင်းစွာ) နွားကြီးကို တွင်းပျက်ထဲမှာပဲ မြေမြှုတ်ထားခဲ့ဖို့စိတ်ကူးသည်။ စိတ်ကူးအတိုင်းသူက မြေတွေကြုံးလာပြီး တွင်းထဲသို့လောင်းထည့်သည်။ အောက်ကနွားကြီးက သူ့အပေါ်ကနေလောင်းထည့်သော မြေမှုံ့များကိုခါထုတ်ပါသည်။ ခြေထောက်အောက် ရောက်လာသည့်အခါ နင်းတက်လိုက်ပါသည်။ ဤသို့ပင် ခါထုတ်နင်းတက်ရင်း
 နွားကြီးအပေါ်ရောက်လာခဲ့ပါသည်။

ကျွန်ုပ်တို့လည်း ခါထုတ်နင်းတက်နည်းကို ယူကာ ဖြစ်လာသမျှ ကံအဆိုးများကို အသုံးချကာ ကိုယ့်ကိုယ်ကို မြင့်သည်ထက်မြင့်အောင်၊ ကောင်းသည်ထက်ကောင်း အောင် ကြိုးစားကြရပါမည်။ ကံကောင်းအောင် မပြုပြင်ဘဲ ကံကိုချည်းပုံချပြီး ကံယိုးမယ်ဖွဲ့တတ်သော အယူအဆသည် ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များ၏ ဖျက်နိုင်ခဲသော အစွန်းအထင်းကြီး အယူအဆမှားကြီးဖြစ်ပါကြောင်း ဆင်ခြင်
စဉ်းစားနိုင်စေရန် တင်ပြလိုက်ပါသည်။
.................................................................................................
အရှင်ဇ၀န (ကုန်းဇောင်း) ရေးသားပြုစုထားသော Blog
( http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:127330 ) မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။