ဒု - သ - န - သော


" အိပ်မပျော်၍ နိုးနေသောသူအတွက် ညဥ့်တာရှည်လျား၏။ 
ခရီးပန်းသူအတွက် ယူဇနာခရီးသည် ရှည်လျား၏။ သူတော်ကောင်းတရားကို မသိသော လူမိုက်တို့အတွက် သံသရာခရီးဟာရှည်လျားပါသည်။ "
................................
မြတ်စွာဘုရားရှင် သာဝတ္ထိပြည်၊ ဇေတ၀န် ကျောင်းတော်မှာ သီတင်းသုံး နေတော်မူချိန်က ဖြစ်ပါတယ်။ တစ်နေ့ သာဝတ္ထိပြည်ရှင် ကောသလဘုရင်ဟာ တိုင်းခန်းလှည့်လည်ရင်း မထင်မရှား ဆင်းရဲသား အမျိုးသမီး တစ်ဦးကို နှစ်သက်သဘောကျခဲ့ပါတယ်။ နန်းတော်ပြန်ရောက်ပြီး အဲဒီအမျိုးသမီး အကြောင်းကို စုံးစမ်းခိုင်းတဲ့အခါ အိမ်ထောင်ရှိ အမျိုးသမီး တစ်ယောက်ဆိုတာ သိခဲ့ရပေမယ့် ဘုရင်ကောသလဟာ အမျိုးသမီး အပေါ်စွဲလန်းနေမိတဲ့ အတွက် ဒီအမျိုးသမီးကို အရယူဖို့ သူမရဲ့ ယောက်ျားကိုခေါ်ပြီး နန်းတော်မှာ အလုပ်ခန့်ခဲ့ပါတယ်။ ကောသလမင်းကြီးဟာ အမျိုးသမီးဟာ လင်ရှိမယား ဖြစ်နေတဲ့အတွက် အဲဒီလင်ယောက်ျားကို တစ်နည်းနည်းနဲ့ အပြစ်ရှာပြီး အပြစ်အတိုင်း အဆုံးစီရင်ကာ ကျန်ခဲ့တဲ့ အမျိုးသမီးကို သိမ်းပိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူဆင်းရဲသား လင်ယောက်ျားကို နန်းတော်မှာ တာဝန်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ 

လင်ရှိမယားကို သိမ်းပိုက်လိုတဲ့ ဘုရင်ဟာ ရည်ရွယ်ချက်အတိုင်း တစ်နေ့တော့ သူဆင်းရဲသား ယောက်ျားကို တာဝန်တစ်ခုကို စေခိုင်းခဲ့ပါတယ်။ ဘုရင်ကြီးက “အချင်းယောက်ျား… ငါ့ဘုရင်နန်းတော်ကနေ တစ်ယူဇနာ ကျော်ကျော်လောက်မှာ ရှိတဲ့ မြစ်တစ်ခုကိုသွားပြီး အဲဒီမှာရှိတဲ့ ကုမုဒြာကြာပန်းနဲ့ အရုဏ၀တီမြေကို ငါဘုရင် ရေးချိုးချိန်အမီ ဆောင်ယူကာ ဆက်သရမယ်၊ အချိန်မီ ရောက်မလာရင် သင့်ကိုမင်းပြစ်မင်းဒဏ် ပေးမယ်၊ အမြန်သွားပြီး ဆောင်ယူခဲ့လော့”လို့ မင်းအမိန့်နဲ့ စေခိုင်းခဲ့ပါတယ်။ ဘုရင်ကြီးဟာ မဖြစ်နိုင်တာကို တမင်အပြစ်ရှာပြီး ခိုင်းတဲ့သဘော ဖြစ်ပေမယ့် မင်းခယောက်ျား သူဆင်းရဲသားကတော့ အမိန့်အတိုင်း သွားရောက် ဆောင်ယူရမှာ ဖြစ်ပါတယ်။

ဒါနဲ့ သူဆင်းရဲသားလည်း ဇနီးမယားကို အကျိုးအကြောင်းပြောကာ ထမင်းရိက္ခာပြင်စေပြီး တစ်ယူဇနာခရီးကို အပြီးနှင်ခဲ့ပါတယ်။ လမ်းခရီးမှာ ထမင်းစာချိန်ရောက်လို့ ထမင်းစားပြီးတဲ့အခါ ပါလာတဲ့ ထမင်းဟင်းများရဲ့ တစ်ချို့တစ်ဝက်ကို ခရီးသွား ယောက်ျားကိုလည်း လှူကာ ကျန်တဲ့အစားအစာတွေကိုလည်း မြစ်ထဲမှာ ရှိတဲ့သတ္တ၀ါတွေကို ကျွေးမွေးလှူဒါန်းပြီး သစ္စာပြုလိုက်ပါတယ်။ တိုတိုပြောရရင် ဒီကုသိုလ်ကောင်းမှုကြောင့်ပဲ မရနိုင်တဲ့ ကုမုဒြာကြာနဲ့ အရုဏ၀တီမြေကို ရရှိခဲ့ပါတယ်။ ဘုရင်အမိန့်အတိုင်း လိုအပ်တာကို ယူဆောင်ပြီး နန်းတော်သို့ အချိန်မီရောက်အောင် ပြန်လာခဲ့ပေမယ့် အကြံကြီးတဲ့ ဘုရင်ကြီးဟာ သူဆင်းရဲသား မရောက်ခင် နန်းတော်မြို့တံခါးကို စောစော အပိတ်ခိုင်းလိုက်ပါတယ်။ ဆင်းရဲသားယောက်ျားဟာ မြို့တံခါး ပိတ်ထားတဲ့အတွက် အဲဒီည အိပ်စရာမရှိတဲ့အခါ နောက်ဆုံး သတ္တ၀ါတွေရဲ့ ထုံးစံအတိုင်း ဒုက္ခရောက်မှ ဘုရားကျောင်းကန်ကို သတိရကာ မြတ်စွာဘုရားကျောင်းတော်မှာ သွားရောက်အိပ်စက်ခဲ့ရပါတယ်။

ကောသလဘုရင်ဟာ အဲဒီညမှာ ဆင်းရဲသားယောက်ျားကို မင်းဒဏ်နဲ့ အဆုံးစီရင်ပြီး သူ့မယားကို သိမ်းပိုက်ဖို့အရေး၊ သူမနဲ့အတူ နေထိုင်နိုင်ရေး စတဲ့အတွေးတွေနဲ့ ကိလေသာမီး တောက်လောင်ကာ အိပ်မရ ဖြစ်နေခဲ့ပါတယ်။ အိမ်မပျော် ဖြစ်နေတဲ့ ဘုရင်ဟာ ညဥ့်နက်နက်အချိန်မှာ လောဟကုမ္ဘီငရဲမှာ ငရဲခံနေရတဲ့ ငရဲသားလေးယောက်ရဲ့ အသံကို ထူးထူးခြားခြား ကြာလိုက်ရပါတယ်။ အဲဒီငရဲသား လေးယောက်ဟာ ငရဲခံရင်း သူတို့မှားခဲ့တဲ့ အမှားအတွက် ခံရတဲ့ ဒုက္ခတွေကို တစ်ယောက်နဲ့တစ်ယောက် ကြားရအောင် အော်ဟစ်ညဉ်းညူ ပြောကြားဖို့ ကြိုးစားကြရင်း အပြည့်အစုံ မပြောနိုင်ဘဲ တစ်ယောက်က “ဒု”၊ တစ်ယောက်က “သ”၊ တစ်ယောက်က “န”၊ တစ်ယောက်က “သော”လို့ တစ်လုံးစီလောက်ပဲ အော်ပြောနိုင်ကြပြီး ငရဲအိုးထဲ ပြန်မြုပ်သွားခဲ့ကြပါတယ်။ အိပ်မပျော်ဖြစ်နေတဲ့ ကောသလမင်းကြီးဟာ အဲဒီအသံကြီးတွေကို ကြားပြီး အရမ်းထိတ်လန့်ကာ ဘယ်လိုမှ အိပ်မရတော့ဘဲ တစ်ညလုံး မိုးလင်းခဲ့ရပါတယ်။

မနက်လင်းတော့ ကောသလဘုရင်ဟာ ညကအဖြစ်အပျက်တွေကို တွေးတောကြောက်လန့်ပြီး ပညာရှိပုရောဟိတ်ကို မေးမြန်းတဲ့အခါ ပုရောဟိတ်ပုဏ္ဏားက “အရှင်မင်းကြီး ဒါဟာ အရှင်မင်းကြီး အသက်အန္တရအတွက် စိုးရိမ်စရာ ဖြစ်ပါတယ်၊ ဒီအန္တရာယ်တွေကင်းဖို့ သဗ္ဗသတဆိုတဲ့ ယဇ်ကို ပူဇော်ရပါမယ်၊ ဒီယဇ်ပူဇော်ဖို့အတွက် ဆင်၊ မြင်း၊ နွားလဥသဘ၊ နို့ညှစ်နွားမ၊ ဆိတ်၊ အာဇာနည်မြင်း၊ ကြက်၊ ၀က်၊ သတိုးသား၊ သတိုးသမီး စသဖြင့် သတ္တ၀ါတစ်မျိုးမျိုးကို တစ်ရာစီပြုကာ သတ်ပြီး ပူဇော်ရပါမယ်၊ အဲဒါဆို ဘုရင်ကြီးရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်စရာ မရှိပါ အရှင်မင်းကြီး”လို့ လျှောက်တင်လိုက်ပါတယ်။ ကောသလဘုရင်ဟာ ဉာဏ်အမြင်နည်းပါးပြီး ကိုယ့်အသက်ရှင်ရေးဆို ဘာမဆိုလုပ်နိုင်တဲ့သူ ဖြစ်တဲ့အတွက် ပုရောဟိတ်ပြောတဲ့အတိုင်း စီရင်စေပါတယ်။ ဘုရင်ရဲ့ ယဇ်ပူဇော်မှုအစီအစဉ်ကြောင့် တိုင်းပြည်တစ်ပြည်လုံး အုပ်အုပ်ကျက်ကျက်ဖြစ်ပြီး သားသမီးပါသွားတဲ့ မိဘဆွေမျိုးတွေဟာ အမျိုးမျိုးပူဆွေး ငိုကြွေးကြပါတယ်။ 
ဒီအသံတွေကြောင့် ကောသလမင်းကြီးရဲ့ မိဘုရားဖြစ်တဲ့ ပညာရှိ မလ္လိကာမိဘုရားဟာ ဘုရင်ကြီးကိုတွေ့ပြီး ဒါဟာ လမ်းမှန်တဲ့ အလုပ်မဟုတ်တဲ့ အကြောင်း၊ ဒီပြဿနာကို ဖြေရှင်းပေးနိုင်မှာ ဘုရားရှင်သာ ဖြစ်ကြောင်းနဲ့ ဘုရားရှင်ထံ သွားရောက်လျှောက်ကြားဖို့ အကြောင်း အကြံပြုလိုက်ပါတယ်။ နောက်ဆုံးတော့ ကောသလမင်းကြီးဟာ မိဘုရားကြီးရဲ့ အကြံအတိုင်း ဘုရားရှင်ထံ သွားရောက်ခဲ့ပါတယ်။

ဘုရားရှင်ထံ ရောက်တဲ့အခါ ကောသလမင်းကြီးက ညကကြားခဲ့ရတဲ့ အသံတွေအကြောင်း လျှောက်ထားတဲ့အခါ မြတ်ဗုဒ္ဓက အဲဒီအသံတွေဟာ တခြားမဟုတ် မကောင်းတဲ့ ကာမေသုမိစ္ဆာစာရ ကံကြောင့် လောဟကုမ္ဘီငရဲမှ ကျရောက်နေတဲ့ ငရဲသား လေးယောက်တို့ရဲ့ အသံပဲဖြစ်ကြောင်း မိန့်တော်မူကာ အဲဒီ ငရဲသားတွေရဲ့ အတိတ်အကြောင်းကို ဟောတော်မူပါတယ်။

မြတ်ဗုဒ္ဓက “ဒီငရဲသားတွေဟာ ကဿပ မြတ်စွာဘုရားရှင် လက်ထက်တုန်းက အတူသွားအတူလာ အတူပျော်ပါး စားသောက်ကြတဲ့ ချမ်းသားတဲ့ သူဋ္ဌေးသားတွေ ဖြစ်ခဲ့ကြကြောင်း၊ သူဋ္ဌေးသားလေးယောက်ဟာ ငွေကြေး ချမ်းသာကြတဲ့အတွက် အပျော်အပါး အမျိုးမျိုးကို ပျော်ပါးကြရင်း နောက်ဆုံးသူတို့ လေးယောက်တိုင်ပင်ကာ စည်းစိမ်ဥစ္စာတွေကို ချောမောလှပတဲ့ အမျိုးသမီးတွေကို ပေးကာ သူတို့နဲ့ ပျော်ပါးတဲ့ အခါ အသုံးပြုကြဖို့ ဆုံးဖြတ်ပြီး ချောမောလှပတဲ့ အမျိုးသမီးမှန်သမျှ အိမ်ထောင်ရှိရှိ မရှိရှိ စည်းစိမ်ပေးပြီး ပျော်ပါးခဲ့ကြကြောင်း၊ ကဿပဘုရားရှင် ပွင့်တော်မူတဲ့ အချိန်ဟာ အနှစ်နှစ်သောင်းတမ်းမှာ ပွင့်တဲ့အတွက် သူဋ္ဌေးသားလေးယောက်ဟာ ကာမေသုမိစ္ဆာစာရ အမှုကို နှစ်သောင်းနဲ့ချီပြီး ပြုလုပ်ခဲ့ကြကြောင်း၊ ဒီအကုသိုလ်ကြောင့်ပဲ သူတို့လေးယောက် သေတဲ့အခါ အ၀ီစိငရဲမှာ ကျရောက်ကာ အ၀ီစိငရဲမှာ နှစ်ပေါင်းမြောက်များစွာ ခံစားပြီး အခုတစ်ခါ လောဟကုမ္ဘီငရဲမှာ ထပ်ပြီး ခံနေရတာ ဖြစ်ကြောင်း၊ မင်းကြီးကြားတဲ့ အသံတွေဟာ လောဟကုမ္ဘီငရဲမှာ ခံစားနေရတဲ့ အဲဒီ သူဋ္ဌေးသား လေးယောက်ရဲ့ အသံပဲ ဖြစ်ကြောင်း” စသဖြင့် အတိတ်ဆောင်ကာ ကောသလမင်းကြားခဲ့တဲ့ အသံကြီးလေးခုရဲ့ အဓိပ္ပါယ်ကို ထပ်မံရှင်းလင်း မိန့်တော်မူပါတယ်။

မြတ်စွာဘုရားရှင်က ကောသလမင်းကြီး ကြားခဲ့တဲ့ အသံတွေထဲက

“ဒု” ဆိုတဲ့ အသံဟာ ဒီအသံကို ပြုတဲ့ ငရဲသား အနေနဲ့
“ဒုဇ္ဇီဝိတ မဇီဝိမှိ၊ ယေသန္တေ န ဒဒမှသေ။ ၀ိဇ္ဇမာနေသု ဘောဂေသု၊ ဒီပံ နာကမှ အတ္တနော။ ငါတို့အား စည်းစိမ်ဥစ္စများ ထင်ရှားရှိကုန်ပါလျက် မပေးမလှူမိကြကုန်၊ မိမိ၏မှီရာ ကိုင်းကျွန်းသဖွယ် ဖြစ်သည့် ကုသိုလ်ကောင်းမှုကို မပြုမိကြသည့် ငါတို့သည် မကောင်းသဖြင့် အသက်မွေးခြင်းကို ပြုလုပ်ခဲ့ကြကုန်၏” လို့ ပြောလိုတာ ဖြစ်ကြောင်း၊

“သ” ဆိုတဲ့ အသံဟာလည်း ဒီအသံကို ပြုတဲ့ငရဲသား အနေနဲ့
“သဋ္ဌိဝဿ သဟဿာနိ၊ ပရိပုဏ္ဏာနိ သဗ္ဗသော။ နိရယေ ပစ္စမာနာနံ၊ ကဒါ အန္တော ဘ၀ိဿတိ။ လောဟကုမ္ဘီ ငရဲမှ ခံစားနေရသည့် ငါအားတို့ ခပ်သိမ်းသော အခြင်းအရာအားဖြင့် အနှစ်ခြောက်သောင်းတို့ ပြည့်ကုန်ပြီး ဖြစ်သော်လည်း ထိုငရဲခံရမှုသည် မည်သည့်အခါတွင် အဆုံးသတ်မည်နည်း” လို့ ပြောလိုတာ ဖြစ်ကြောင်း၊

“န” ဆိုတဲ့ အသံဟာလည်း ဒီအသံကို ပြုတဲ့ ငရဲသား အနေနဲ့
“နတ္ထိ အန္တော ကုတော အန္တော၊ န အန္တော ပဋိဒိဿတိ။ တဒါ ဟိ ပကတံ ပါပံ၊ မမ တုယှဉ္စ မာရိသာ။ ငါတို့အား အဆုံးအပိုင်းအခြားသည် မရှိခဲ့၊ ငရဲ၏ အဆုံးကား အဘယ်မှာ ရှိအံ့နည်း၊ ငရဲခံရခြင်း၏ အပိုင်းအခြားသည် မထင်ရှား၊ ငါတို့သည် လူဖြစ်စဉ်က မကောင်းမှု အများအပြားကို ပြုမိခဲ့လေပြီ” လို့ ပြောလိုတာ ဖြစ်ကြောင်း၊

“သော” ဆိုတဲ့ အသံဟာလည်း ဒီအသံပိုင်ရှင် အနေနဲ့
“သောဟံ နူန ဣတောဂန္တွာ၊ ယောနိံ လဒ္ဓါန မာနုသိံ။ ၀ဒညူ သီလသမ္ပန္နော၊ ကာဟာမိ ကုသလံ ဗဟုံ။ ငါသည် ဤသံပူရည် ငရဲမှ လွတ်မြောက်ပြီး လူ့ဘ၀ကို ရပါမူကား အလှူခံသူ လူပုဂ္ဂိုလ်တို့၏ စကားကို သိလေ့ရှိသည်ဖြစ်၍၊ သီလနှင့်ပြည့်စုံသည် ဖြစ်၍၊ များစွာသော ကုသိုလ်ကောင်းမှုကို ပြုပါတော့အံ့” လို့ ပြောလိုတာ ဖြစ်ကြောင်း စသဖြင့် ဒု - သ - န - သော ဆိုတဲ့ အသံတွေရဲ့ ဆိုလိုရင်း အကျယ်ကို ဟောကြား ချီးမြှင့်တော်မူပါတယ်။

အသံပိုင်ရှင်တွေရဲ့ အတိတ်ဇာတ်ကြောင်းနဲ့ ဆိုလိုရင်း အဓိပ္ပါယ်တွေကို ကြားနာလိုက်ရတဲ့ ကောသလဘုရင်ဟာ အရမ်းကြောက်လန့်သွားပြီး သူများသားမယားကို ပြစ်မှားကျူးလွန်လိုတဲ့ စိတ်တွေလည်း ပျောက်ကုန်ပါတော့တယ်။

ဒီဖော်ပြချက်တွေကတော့ ဒု - သ - န - သော ဆိုတဲ့ တရားစကားကို ဟောကြားဖြစ်ခဲ့တဲ့ အကြောင်းနဲ့ ဒု - သ - န - သော ဆိုတဲ့ စကားအဓိပ္ပါယ်နဲ့ ဒီစကားပိုင်းရှင်တွေရဲ့ အတိတ်ဇာတ်ကြောင်း လေးပဲ ဖြစ်ပါတယ်။

ဒီနေရာမှ အဓိက ပြောချင်တာက အများသိထားကြတဲ့ ဒု - သ - န - သော ဆိုတဲ့ စကားလုံးတွေ အကြောင်းနဲ့ ဒီအသံတွေကို ပြုကြတဲ့ ငရဲသားတွေရဲ့ မကောင်းတဲ့ လုပ်ရပ်တွေ အကြောင်းကို ပြောချင်တာဖြစ်ပါတယ်။ ဒီငရဲသားတွေရဲ့ အတိတ်က လုပ်ခဲ့တဲ့ သူတပါး သားမယားကို ဖျက်စီးခဲ့တဲ့ ကာမေသုမိစ္ဆာစာရ ကံရဲ့ တန်ပြန်သက်ရောက်မှု အကျိုးပေးရဲ့ ကြောက်စရာ ကောင်းပုံကို သိစေချင်တာ ဖြစ်ပါတယ်။ စေတနာ ရည်ရွယ်ချက် ရှိရှိနဲ့ ကျူးလွန်ခဲ့ကြတဲ့ အကုသိုလ် ကံတစ်ခုဟာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ခံရတတ်တဲ့ သဘောကို သဘောပေါက် နားလည်စေချင်တာ ဖြစ်ပါတယ်။ ပြီးတော့ ဒီလို အကုသိုလ်မျိုး မပြုဖြစ်အောင် ကိုယ်ကျင့်သီလကို အထူးလုံခြုံစေချင်တာ ဖြစ်ပါတယ်။

ဒါကြောင့် ဒု - သ - န - သော ဆိုတဲ့ စကားလုံးတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာ အဖြစ်အပျက် အဓိပ္ပါယ်တွေကို ကောင်းကောင်းနားလည် သဘောပေါက်ပြီး ရခဲတဲ့ လူ့ဘ၀ကို ရထားကာ ဘုရားသာသနာနဲ့လည်း ကြုံနေကြတဲ့ အခိုက်မှာ ကိုယ်ကျင့်သီလကို လုံခြုံအောင် စောင့်ထိန်းရင်း ကုသိုလ် ကောင်းမှုများကိုပါ ရသမျှ စုဆောင်းနိုင်ကြဖို့ ဒီစာစုလေးနဲ့ အသိပေးရင်း ဒု သ န သောမှ ရှောင်နိုင်အောင် ကြိုးစားကြဖို့လည်း စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။
စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ) ။
.........................................