အဂ္ဂိရတ်ပညာကို ရဟန်းတော်များ လိုက်စားသင့်၊ မလိုက်စားသင့်



“နောက်ဆုံးအမေးက အဂ္ဂိရက်ပညာကို ရဟန်းတော်များ လိုက်စားသင့်သလား၊မလိုက်စားသင့်ဘူးလားတဲ့၊ ဟုတ်လား”

          “ဟုတ်ပါတယ်ဘုရား”

          “အဂ္ဂိရတ်ဆိုတာ ဖိုထိုးတဲ့ပညာ၊ မီးကစားတဲ့ပညာပေါ့ကွယ်၊ ဒီပညာဟာ ဘယ်ခေတ် ဘယ်အခါက မြန်မာနိုင်ငံအတွင်း တိုးဝင်လာတယ် မသိဘူး၊ အိန္ဒိနိုင်ငံဘယ်အခါက မြန်မာနိုင်ငံအတွင်း တိုးဝင်လာတယ် မသိဘူး၊ အိန္ဒိနိုင်ငံ သီရိဓမ္မာသောကမင်းလက်ထက်သာသနာတော် ၃၀၀-နှစ်လောက်မှာ သီရိဓမ္မာသောကမင်းကြီးက ဗုဒ္ဓဘာသာကို အားပေးတော့ ဗုဒ္ဓဘာသာဝင်ရဟန်းတော်များ အလွန် လာဘ်လာဘ ပေါများခဲ့တယ်၊ အဲဒီ ခေတ်မှာ ဘုရင်ရဲ့အားပေးခြင်းကို မခံရတဲ့တန္တရ၊ မန္တရ အတတ်ပညာရှင် တိတ္ထိတွေဟာ လာဘ်လာဘအတွက်ကြောင့် သာသနာတော်အတွင်းလှိမ့်ဝင်လာကြတယ်၊အဲဒီ ပုဂ္ဂိုလ်တွေရဲ့ ဖိုထိုး၊ ဆေးကု၊ ဗေဒင်ဟော၊ ဓာတ်ရိုက်၊ ဓာတ်ဆင် နတ်သွင်းစတဲ့ လောကီတိရစ္ဆာနအတတ်တွေဟာ သူတို့နှင့် အတူ သာသနာတော်အတွင်း ဝင်ရောက်လာကြတယ်၊ နောင်အခါ ဝင်ရောက်လာကြတဲ့တိတ္ထိများရဲ့ အယူဝါဒကို စစ်ဆေးပြီး ဗုဒ္ဓရဲ့ အယူ မဟုတ်တဲ့ အချို့သော ရဟန်းတော်များကိုသာသနာတော်ဟာ အဝတ်ဖြူလဲပြီး နှင်ထုတ်လိုက်သော်လည်း သူတို့ရဲ့ တိရစ္ဆာန်အတတ်တွေဟာ သာသနာတော်အတွင်းမှာယနေ့အထိ တင်ကျန်ရစ်တယ်။

          အဂ္ဂိရတ်အတတ်ဟာလည်း အဲဒီတုန်းက အတတ်တစ်ခုလို့ထင်တယ်ကွယ့်၊ ဒီ ဗေဒင်အတတ်၊ အဂ္ဂိရတ်အတတ်တွေဟာ မဂ်ဖိုလ်မှ ဖီလာဖြစ်လို့ (တိရစ္ဆာနအတတ်)ဆိုသော်လည်းပေါ့ပေါ့အတတ်တွေ မဟုတ်ဘူး၊ အလွန် ခက်ခဲ နက်နဲတဲ့ အတတ်တွေဖြစ်တယ်၊ အဂ္ဂိရတ်ပညာဟာ ဘယ်လောက်ခက်ခဲတယ် နက်နဲတယ် ဆိုတာကို မန်လည်ဆရာတော်ဘုရားက မဃဒေဝလင်္ကာသစ် ပုဒ်ရေ ၂၅၉-မှာ ဒီလိုရေးထားခဲ့တယ်ကွယ့်”

          “မိန့်တော်မူပါဘုရား”

          ရှေးကပုည၊ကြီးလှထူးဘိ၊ ရှိသူတို့သာ၊ ပြီးနိုင်ရာသား၊ မဟာဂန္ဓာရ၊ ဗြဟ္မာစာရီ၊ ဗေရာဂီနှင့်၊ လောကီမုနိ၊ကဝိကဝေ၊ တိဟိတ်နေတို့၊ ထားပေခဲ့ငြား၊ ပြဒါးသံသတ်၊ အဂ္ဂိရတ်ဟု၊ အတတ်သိမ်မွေ့၊ လွန်ကောက်ကွေ့သား၊ခြင်္သေ့ထီးဆောင်း၊ အပေါင်းဝင်ရာ၊ ဥသာ စိန်ပန်း၊ ဒန်းလှကိုရှာ၊ နံသင့်ရာနှစ်၊ အက္ခရာလေးခု၊ဂြိုဟ်ပေါင်းစုဖြင့်၊ စတုပညာ၊ သင်္ချာအရ၊ သြသဓမျိုး၊ ဆေးရိုးအချုပ်၊ အလုပ်အချိန်၊ ဆတ္တိံတြင်း၊ နဝင်းနက္ခတ်၊ လေးပါးဓာတ်က၊ ပါဒ်တစ်ရာ့ရှစ်၊ တွက်စစ်ဓာတ်ပေါင်း၊ စသည်ဖြင့်  ရေးသားတော်မူခဲ့တယ်။

          အဂ္ဂိရတ်အတတ်ဟာ ရှေးက ကောင်းမှုကုသိုလ် အထောက်အပံ့ကြီးမားတဲ့ဂန္ဓာရီ ရသေ့ကြီးတွေ စီရင်ထားခဲ့တဲ့ အတတ်မို့ အလွန် ခက်ခဲတဲ့အတက် ဖြစ်တယ်လို့ ရေးသားတော်မူခဲ့တယ်။

          ဒီလောက် လျှို့ဝှက် ခဲကပ်တဲ့အတ်ကို ဟိုရှေးရှေးကစပြီး ယနေ့အထိ ရဟန်းတော် အတော်များများ လိုက်စားခဲ့ကြတယ်၊ ရဟန်းတော်တွေကို အမှီပြုပြီးလူသားတွေလည်း လိုက်စား ဖိုထိုးနေကြတယ်၊ ဒီ အဂ္ဂိရတ်သမားဟာ ဘာကိုလိုလို့ ဒီအတတ် လိုက်စားသလဲလို့တွေးကြည့်လိုက်တော့ အဂ္ဂိရတ်သမား ၃-မျိုးကို မြင်မိတယ်ကွယ့်။

          “ဘယ်လို သုံးမျိုးပါလဲဘုရား”

          ပထမ အဂ္ဂိရတ်ဆရာက ရွှေဖြစ် ငွေဖြေစ်ပေါ့၊ အဂ္ဂိရတ်အတတ်ပေါက်မြောက်ခဲ့လျှင် ရွှေလုပ်ငွေလုပ်လို့ ရတယ်လို့ ယူဆတယ်၊ ဒါကြောင့် ရွှေငွေဖြစ်ပြီးသူဌေးကြီးဖြစ်အောင် အဂ္ဂိရတ်ထိုးတဲ့လူက တစ်ယောက်ကွယ့်။

          ဒုတိယ အဂ္ဂိရတ်သမားက ရွှေငွေကို မရည်ရွယ်ဘူး၊ရေ, မြေ, လေ, မီး ဓာတ်ကြီးလေးပါးရဲ့ သဘာဝကို အောင်နိုင်ဖို့ ရည်ရွယ်တယ်၊ သူရဲ့ သဘောဟာလောကိကို တေဇောဆိုတဲ့မီးက ဆောင်တယ်၊  မီးကြောင့်လေဖြစ်တယ်၊ မီးကြောင့် ကမ္ဘာကြီး ပျက်စီးနိုင်တယ်၊ ရေတွေ ခန်းခြောက်နိုင်တယ်၊ လူတစ်ယောက်ဟာ တေဇောဆိုတဲ့ မီးဓာတ် ကိုယ်အားရှိနေသမျှကျန်းမာတယ်၊ မီးဓာတ်အင်အား လျော့ပါးလျှင် လျော့ပါးသလောက်  ကျန်းမာရေးက ချို့ယွင်းလာတယ်၊ ဒါကြောင့် မီးဓာတ်မီးနေကို အားထုတ်လျှင် ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ဆိုတဲ့ ဓာတ်သဘော နားလည်လာမယ်၊ ဓာတ်သဘောကိုနားလည်သလောက် ပိုတဲ့ဓာတ်အားကို လျှော့၊ လိုတဲ့ ဓာတ်အားကိုသွင်းပြီး ဓာတ်သဘာဝ အမျိုးမျိုးကိုကစားနိုင်မယ်လို့ ယူဆပြီး ဖိုထိုးတယ်။

          တတိယ အဂ္ဂိရတ်သမားက ရွှေငွေလည်း မလိုဘူး၊ ဓာတ်နားလည်တဲ့ဆေးဆရာလည်း မလုပ်လိုဘူး၊ သူက မြေလျှိုး မိုးပျံတဲ့ ဝိဇ္ဇာဓိုရ်ကြီးသာ ဖြစ်ချင်တယ်၊ အဲဒီရည်ရွယ်ချက်နှင့် ဖိုထိုးတယ်၊ ဒီသုံးမျိုးမှတစ်ပါး ဘာမျှလည်း မလိုချင်၊ ဘာမျှလည်း မဖြစ်ချင်၊အပျော်တမ်းသက်သက် ဖိုထူးသူလည်း ရှိသေးသကွယ့်။

          ထီးချိုင့်မြောက်ပြင် လေသာကုန်းကျောင်း ဆရာတော်ကြီးဟာဦးဉာဏိန္ဒတဲ့၊ ယခုတော့ ပျံလွန်တော်မူပါပြီ၊ လေသာကုန်းဆရာတော်ကြီး သက်တော်ထင်ရှားရှိစဉ်ကသူ့အကြောင်း အမိန့်ရှိသွားဖူးတယ်ကွယ့်။

          သူဟာ ငယ်ဖြူစစ်စစ်ပါပဲ၊ ကျောင်းထိုင်တော့လည်းသိပ်မကြီးသေးဘူးတဲ့၊ကျောင်းမှာ ကျောင်းသား သာမဏေ ရဟန်းတပည့်တွေလည်း အလွန်ပေါပါတယ်၊ တတ်နိုင်သလောက်လည်းစာဝါပို့ချ ပေးပါတယ်၊  သက်တော် ၄၅-နှစ်၊ သိက္ခာတော်၂၅-ဝါအရမှာ နေရင်းထိုင်ရင်း ပျင်းခြောက်လာခဲ့သတဲ့၊ ငါဟာ အသက်လည်းကြီးပြီ၊ ပြီးတော့ကျန်းမာ  သန်စွမ်းသူလည်း မဟုတ်ဘူး၊ လူ့ဘဝကိုတွန်းချချင်လို့များ ဒီလိုဖြစ်တာလားလို့ တော်တော်စိုးရိမ်မိသတဲ့။

          တစ်ရက်တော့ ပြင်းစုဆရာတော် ဦးနရိန္ဒနှင့်ကြုံလို့ သူ့စိတ် ဖြစ်နေပုံ ပြောပြတော့ ဦးနရိန္ဒက ဒီလိုဖြစ်လျှင် ကိုယ်တော် ဖိုထိုးပါ၊ဖိုထဲ စိတ်ဝင်စားခဲ့လျှင် အဲဒီ ပျင်းရိတဲ့စိတ်တွေ အကုန် ပျောက်သွားမှာပါလို့ ပြောပြီးသူ့မှာရှိတဲ့ ဖိုကိုရော၊ လုံတွေကိုရော ဓာတ်ပစ္စည်းတွေရော ကျောင်းအရောက် ပို့ပေးသတဲ့၊ဦးဉာဏိန္ဒဟာ ပြင်းစုဆရာတော်ကို အားနာတာနှင့် လာပို့တဲ့ ဖိုကြီးဆင်တဲ့ပြီး အဂ္ဂိရတ်ထိုးလိုက်တော့သုံးလေးရက်အတွင်း ပျင်းရိတဲ့ စိတ်တွေပျောက်ပြီး သာသနာတော်မှာ ပြန်လည်ပျော်မွေ့လာသတဲ့။

          လေသာကုန်းဆရာတော်လို ဘာရယ်လို့ မဟုတ်၊ အပျင်းပြေထိုးတဲ့ ပုဂ္ဂိုလ်မျိုးပါ ထည့်တွက်လျှင် ဖိုထိုးသူဟာ ၄-မျိုးရှိတာပေါ့။

          အဲဒီ အဂ္ဂိရတ်ဆရာ ၄-မျိုးအနက် ရွှေဖြစ် ငွေဖြစ်ဆိုတဲ့ပထမအဂ္ဂိရတ်ဘုန်းကြီးမျိုးတော့ လုံးဝ မလုပ်သင့်ဘူး၊ ဘာကြောင့်လဲဆိုတော့ ဘုန်းကြီးနှင့်ရွှေငွေဟာ လုံးဝ မအပ်စပ်တဲ့အပြင် ရွှေအစစ် မဟုတ်တဲ့ စပ်ရွှေကို ရွှေအစစ်လို့ သုံးမိလျှင်၊ပါရာဇိကအထိ အပြစ်ကြီးလွန်းလို့ပါပဲ၊ ဒါဖြင့် ကျန်တဲ့အဂ္ဂိရတ်တွေကိုကော လိုက်စားသင့်သလားဆိုတော့ ဘယ်အဂ္ဂိရတ်ပညာကိုမျှ မလိုက်သင့်ပါဘူး၊ အားလုံး မဂ်ဖိုလ်မှာ ဖီလာဖြစ်တဲ့ တိရစ္ဆာန်အတတ်ဖြစ်လို့ပါပဲ။

          ရဟန်းဖြစ်သူ အမှန်လိုက်စားရမည့်အတတ်က ပရိယတ္တိအတတ်၊ပဋိပတ္တိအတတ်၊ အဓိဂမအတတ်သာ ဖြစ်တယ်၊ သာသနာတော်နှင့်စပ်တဲ့ အတတ်မှတစ်ပါး ဘာအတတ်မျှ ရဟန်းမှန်သမျှမလိုက်ဝစားသင့်ပါဘူးလို့ အဖြေပေးလိုက်ပါတယ်ကွယ်။

          သာဓု . . . သာဓု . . . သာဓု




***ဆက်ရန်***
 ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ -  အမှတ်စဉ်(၂၃၁) - ဗဒ္ဓသိမ်


 ***ကောက်နုတ်ချက်***
နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ
အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တဒေဝိန္ဒာဓိပတိ (ထီးချိုင့်မြို့ - တည်တောဆရာတော်ကြီး)
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အတွဲ(၆)  (စာမျက်နှာ ၁၈ ~ ၂၁) မှ ကောက်နုတ်ပူဇော်ပါသည်။

ဤ အမေး-အဖြေ အား ကိုယ်တိုင်ပြန်လည်ရေးသား၍
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး နှင့် တကွ
ဆရာ- အရှင်တေဇာနန္ဒ တို့အား ပြန်လည်ကျေးဇူးပြုပူဇော်အပ်ပါသည်။

Ye Win Tun >> Facebook မှ