ရဟန္တာများ ပရိနိဗ္ဗာန်စံသောအခါ ဓာတ်တော်များ ကြွင်းကျန်ပါသလား


ဓာတုဟူသော ပါဠိကို ‘ဓာတ်’ ဟု အလွယ်ပင် ဘာသာပြန်လိုက်သည်။ အရိုးဓာတ်၊ သွေးဓာတ်၊ အသားဓာတ်တို့သည်ဘုရားရှင်၏ အမွေအနှစ်များဖြစ်ရာ လူနတ်ဗြဟ္မာ သတ္တဝါတို့ ရှိခိုးဦးခိုက် ပူဇော်ထိုက်၏ ယင်းအသားဓာတ်၊ အသွေးဓာတ်၊ အရိုးဓာတ်တို့ကို ‘ဓာတ်တော်’ ဟူ၍ ခေါ်ပါသည်။
ဓာတ်တော်မွေတော်ဟူ၍လည်း နှစ်မျိုးခွဲ၍ ခေါ်ဝေါ်ကြပါသေးသည်၊ ဓာတ်တော်နှင့် မွေတော်မှာ ဝေါဟာရသာ ကွဲပြားသော်လည်း အဓိပ္ပာယ်သဘောမှာ အတူတူပင်ဖြစ်ပါသည်။
မှန်ပါသည်၊ ဘုရားရှင်၏ ဓာတ်တော်တို့သည် နောင်လာနောက်သား လူနတ်ဗြဟ္မာ သတ္တဝါအများတို့ ကိုးကွယ်ဆည်းကပ်ပါက အကျိုးတရားများစွာ ဖြစ်ထွန်းရန် ရည်သန်၍ အဓိဋ္ဌာန်ကာ ထားတော်မူ ပေးတော်မူခဲ့သော အမွေအနှစ်များဖြစ်၍ ဓာတ်တော်ကိုပင် မွေတော် ‘အမွေတော်’ ဟု ခေါ်ကာ ‘ဓာတ်တော် မွေတော်’ ဟု သုံးနှုန်းခြင်းဖြစ်ပါသည်။
‘ဓာတ်တော် မွေတော်’ ဟူသည် ‘မိမွေ ဖမွေ’ ဟူသကဲ့သို့ အမှန်စင်စစ် ကိုးကွယ်ဆက်ခံအပ်သော ဝတ္ထု၏အမည် ဖြစ်ပါသည်။
ယင်းကို အချို့က ဘုရားရှင်၏ ကိုယ်တော်မှ ဖြစ်သည်ကို ‘မွေတော်’ ဟု ဆိုလို၍ ရဟန္တာ အရှင်မြတ်တို့မှ ဖြစ်သည်ကိုကား ‘ဓာတ်တော်’ ဟု ဆိုလိုကြပါသည်။
အမှန်စင်စစ် ယင်းသို့ခွဲ၍ ဆိုရန်မသင့်ပါ။ ဓာတု သဒ္ဒါမှာ ဓာတ်ဟောဖြစ်ရကား ‘ဓာတ်တော်’ ဟု ခေါ်သင့်ပါသည်။ ယင်းဓာတ်တော်ကိုပင် နောင်လာနောင်သား လူနတ်ဗြဟ္မာ သတ္တဝါအများတို့ ကိုးကွယ်ဆက်ခံအပ်သော အမွေအနှစ်ဖြစ်၍ ‘မွေတော်’ ဟု ဆိုရကား ‘ဓာတ်တော်’ နှင့် ‘မွေတော်’ မှာ အတူတူပင် ဖြစ်ပါသည်။



*ဓာတ်တော်များကွန့်မြူးခြင်း*
~~~~~~~~~~~~~~~
တစ်ခါက မိလိန္ဒမင်းကြီးသည်ရှင်နာဂသေန ရဟန္တာအရှင်မြတ်အား စေတီတော်များ တန်ခိုးပြာဋိဟာပြခြင်းနှင့် ပတ်သက်၍ ဤသို့ မေးမြန်းလျှောက်ထားပါသည်။
“အရှင်ဘုရား၊ နာဂသေန… ပရိနိဗ္ဗာန် ဝင်စံကြွသွားကြသော ဘုရား ရဟန္တာများတို့၏ စေတီတော်တိုင်း၌ တန်ခိုးပြာဋိဟာပြပါသလား၊ သို့မဟုတ် အချို့သော စေတီတော်တို့သာလျှင် တန်ခိုးပြာဋိဟာပြပါသလော”
“ဒကာတော်မင်းမြတ်၊ အချို့သော စေတီတော်တို့သာလျှင် တန်ခိုးပြာဋိဟာ ပြကြပါသည်။ အချို့သော စေတီတော်တို့ကား တန်ခိုးပြာဋိဟာ မပြကြပေ”
“အရှင်ဘုရား၊ အဘယ်စေတီတော်တို့က တန်ခိုးပြာဋိဟာပြ၍ အဘယ်စေတီတော်တို့က တန်ခိုးပြာဋိဟာ မပြပါသလဲ”
“ဒကာတော်မင်းမြတ် ဘုရား၊ ရဟန္တာ၊ နတ်၊ သဒ္ဒါပသန္န ပညာရှိတို့၏ အဓိဋ္ဌာန်ချက်ကြောင့် စေတီတော်တို့သည် တန်ခိုးပြာဋိဟာပြကြပါသည်”
“ဒကာတော်မင်းမြတ် ဘုရား ပစ္စေကဗုဒ္ဓါရဟန္တာအရှင်မြတ်တို့၏ လူနတ်ဗြဟ္မာ သတ္တဝါတို့ကို အစဉ်သနားစောင့်ရှောက် ချီးမြှောက်သောအားဖြင့် သက်တော်ထင်ရှားရှိစဉ်ကပင် ‘ငါ၏ ဓာတ်တော် မွေတော်များ စံပယ်ကိန်းဝပ်ရာ စေတီတော်၌ ဤသို့သော တန်ခိုးပြာဋိဟာများ ပြပါစေသတည်း’ ဟု အဓိဋ္ဌာန်ချက်ကြောင့် စေတီတော်များ ဓာတ်တော်များ တန်ခိုးပြာဋိဟာ ပြပါသည်”
“ဒကာတော်မင်းမြတ်၊ နောက်တစ်မျိုးကား နတ်ဗြဟ္မာတို့သည် လူသားတို့အား အစဉ်သနား စောင့်ရှောက်ချီးမြှောက်ခြင်းငှာ ပရိနိဗ္ဗာန် စံလွန်တော်မူကုန်သော ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာအရှင်မြတ်တို့၏ စေတီတော်၌ ဤတန်ခိုးပြာဋိဟာကြောင့် သူတော်ကောင်းတရား အမြဲတမ်း အချီးအမြှောက်ခံဖြစ်လတ္တံ၊ လူတို့သည်လည်းး ကြည်ညိုကြ၍ ကုသိုလ်တရား တိုးပွားကြကုန်လတ္တံ့ဟု နှလုံးသွင်း၍ တန်ခိုးပြာဋိဟာ ပြကုန်၏။ ဤသို့ နတ်ဗြဟ္မာတို့ အဓိဋ္ဌာန်ချက်ကြောင့် စေတီတော်များ၊ ဓာတ်တော်များ တန်ခိုးပြပါသည်”
“ဒကာတော်မင်းမြတ်၊ နောက်တစ်မျိုးကား သာသနာတော် ကြည်ညိုသော ပညာရှိသော လိမ္မာသော ကျွမ်းကျင်သော အသိအမြင်ရှိသော ယောက်ျား၊ မိန်းမ တစ်ဦးဦးသည်လည်း ကောင်းသောနှလုံးသွင်း ကြံစည်ရင်းဖြင့် နံ့သာပန်း သင်္ကန်းစသည် အမှတ်မထား၊ တစ်ပါးပါးသော လှူဖွယ်ပစ္စည်းကို ရိုသေစွာလှူဒါန်း၍ ‘ဤသို့သော တန်ခိုးပြာဋိဟာများ ပြပါစေသတည်း’ ဟု သစ္စာနှုတ်မြွက် အဓိဋ္ဌာန်ချက်ကြောင့် စေတီတော် ဓာတ်တော်များ တန်ခိုးပြာဋိဟာ ပြပါသည်။ ဤသို့ လူတို့၏ အဓိဋ္ဌာန်ချက်ကြောင့် စေတီတော် ဓာတ်တော်တို့သည် တန်ခိုးပြဋိဟာ ပြကုန်၏”
“ဒကာတော်မင်းမြတ်၊ ဘုရားပစ္စေကဗုဒ္ဓါ ရဟန္တာအရှင်မြတ်များ နတ်ဗြဟ္မာများ လူပညာရှိများအားဖြင့် သုံးမျိုးတို့တွင် တစ်မျိုးမျိုးဖြင့် တစ်မျိုးမျိုးကြောင့် ဘုရားပစ္စေကဗုဒ္ဓါ ရဟန္တာအရှင်မြတ်တို့၏ ဓာတ်တော်များ တည်ရာ စံပယ်တော်မူရာ စေတီတော်မြတ်၌ တန်ခိုးပြာဋိဟာ ပြကြပါသည်၊ ဓာတ်တော်များ ကွန့်မြူးတော်မူကြပါသည်။

*ဓာတ်တော်များအကြောင်း*
~~~~~~~~~~~~~~
သက်တော်ရှည် မြတ်စွာဘုရားများ၏ သရီရဓာတ်တော်သည် ဖရိုဖရဲ တစ်ဆူစီမကွဲဘဲ ရွှေခဲရွှေတုံးကြီးပမာ တစ်ခုတည်းသာ ကြွင်းကျန်ရစ်ကုန်၏။ ယခု အကျွန်ုပ်တို့၏ အစိန္တေယျ သုံးလောကထွက်ထား မြတ်စွာဘုရားသည်ကား သက်တော်တိုတောင်းသော မြတ်စွာဘုရား ဖြစ်တော်မူသည့်အတွက် ပရိနိဗ္ဗာန် စံတော်မမူမီကပင်-
“ငါဘုရားသည် မကြာမြင့်မီပင် ပရိနိဗ္ဗာန် စံရမည်ဖြစ်သည်။ ငါဘုရား၏ သာသနာသည် အလုံးစုံသော အရပ်မျက်နှာသို့ မပျံ့နှံ့သေးချေ။ သို့ဖြစ်၍ ငါဘုရားပင် ပရိနိဗ္ဗာန် စံယူလင့်ကစား ငါဘုရား၏ မုံညင်းစေ့ခန့်မျှသော ဓာတ်တော်ကိုပင်လည်း ပင့်ဆောင်ကြကာ မိမိတို့၏နေရာ၌ စေတီတော် တည်ထား၍ လူများအပေါင်းတို့သည် နတ်ရာသုဂတိသို့ လားရောက်ကြစေသတည်း”
ဟု ရည်ရွယ်တော်မူကာ သရီရဓာတ်တော်များ အဆူဆူကွဲပြားရန် အဓိဋ္ဌာန်တော်မူခဲ့ပါသည်။ ဤသို့-
၁။ အစိတ်စိတ်မကွဲပြားသော အဝိပ္ပကိဏ္ဏဓာတ်တော်၊
၂။ အစိတ်စိတ်အဆူဆူ ကွဲပြားသော ဝိပ္ပကိဏ္ဏဓာတ်တော် ဟူ၍ ဓာတ်တော်နှစ်မျိုး ပြားလေသည်။ ထိုဓာတ်တော်နှစ်မျိုးတို့တွင်-
၁။ စွယ်တော်လေးဆူ၊
၂။ ညှပ်ရိုးတော်နှစ်ဆူ၊
၃။ နဖူးသင်းကျစ်တော်ဓာတ်တစ်ဆူ၊
အားဖြင့် ဤခုနစ်ဆူသော ဓာတ်တော်တို့မှာ သက်တော်ရှိစဉ် မူလပုံသွင်အတိုင်း အစိတ်စိတ်မကွဲပြားဘဲ တည်ရှိရစ်သည့် ‘အဝိပ္ပကိဏ္ဏဓာတ်တော်’ များ ဖြစ်ပေသည်။
ထိုမှကြွင်းသော အရိုးတော်စသည်မှ ဖြစ်ပွားသော ဓာတ်တော်များမှာ အစိတ်စိတ်အဆူဆူ ကွဲပြားသည့် ‘ဝိပ္ပကိဏ္ဏဓာတ်တော်’ များ ဖြစ်လေသည်။ ထိုဓာတ်တော်တို့အနက်-
အငယ်ဆုံးဓာတ်တော်များမှာ မုံညင်းစေ့ခန့် ပမာဏရှိ၍ မြတ်လေးပန်းငုံအဆင်းနှင့် အဆင်းတူကြလျက် အချင့်ပမာဏအားဖြင့် ခြောက်ပြည်သားခန့် ကြွင်းကျန်ရစ်ကြလေသည်။
အလတ်စားဓာတ်တော်များမှာ ဆန်ကျိုးခန့် ပမာဏရှိ၍ ပုလဲအဆင်းနှင့် အဆင်းတူကြလျက် အချင့်ပမာဏအားဖြင့် ၅-ပြည်သားခန့် ကြွင်းကျန်ရစ်ကြလေသည်။
အကြီးစား ဓာတ်တော်များမှာ ပဲနောက်စေ့ခန့် ပမာဏရှိ၍ ရွှေအဆင်းနှင့် အဆင်းတူကြလျက် အချင့်ပမာဏအားဖြင့် ၅-ပြည်သားခန့် ကြွင်းကျန်ရစ်ကြလေသည်။

*မင်းများငိုကြွေး*
~~~~~~~~~
အဇာတသတ်မင်း အမှူးရှိသည့် ရှစ်ပြည်ထောင်သော မင်းတို့သည် ဓာတ်တော်များ တည်ရှိရာ ရွှေတံတင်းအနီးသို့ လာရောက်ကြ၍ ရွှေတံတင်း၌သာမလှုပ်မယှက် ပကတိတည်နေသော ရွှေရောင်အဆင်းရှိသည့် ဓာတ်တော်များကို ဖူးမျှော်ကြလေလျှင်-
“သဗ္ဗညုထွက်တင် ရှင်ပင်မြတ်ဘုရား၊ ရှေးအခါကဆိုလျှင် တပည့်တော်များသည် ရှင်ပင်မြတ်ဘုရားတို့၏ မဟာပုရိသ လက္ခဏာတော်ကြီး ၃၂-ပါးတို့ဖြင့် တန်ဆာဆင်အပ်လျက် ရောင်ခြည်တော်ခြောက်သွယ်တို့ဖြင့် တင့်တယ်တောက်ပသော ရွှေရောင်အဆင်း ဝါဝင်းသောကိုယ်တော်မြတ်ကို ဖူးမျှော်ကြရပါသည်။
ယခုသော်ကား ရွှေရောင်အဆင်း ဝါဝင်းသောသရီရဓာတ်တော်များသာ ကြွင်းကျန်ပါတော့သည်။ မြတ်စွာဘုရား ဤသို့ဖြစ်ရခြင်းသည် အရှင်ဘုရားတို့အဖို့ရာ မသင့်လျော်လှပါဘုရား”
ဟု ပြောဆို ငိုကြွေးကြလေကုန်၏။

*အဓိဋ္ဌာန်ကြောင်း*
~~~~~~~~~~
မြတ်စွာဘုရားရှင်တို့၏ ဓာတ်တော်များ တစ်ဆူတည်းဖြစ်ရခြင်း၊ အစိတ်စိတ် ဖြစ်ရခြင်းတို့မှာ အသက်တော် အတိုအရှည်နှင့် အဓိဋ္ဌာန်ချက်တို့ကြောင့် ဖြစ်ရပါသည်။
ယင်းသို့ဖြင့် ဘုရားရှင်တို့၏ ဓာတ်တော်တို့ကိုမည်သို့မည်ပုံ အတိအကျ ဖော်ပြထားချက်မရှိပါ။ သုတ္တနိပါတ် အဋ္ဌကထာ ခဂ္ဂဝိသာဏသုတ်အဖွင့်၌ ‘ရာဂဉ္စ ဒေါသဉ္စ ပဟာယ’ အစရှိသော ဂါထာဖွင့်၌ကား-
ထိုပစ္စေကဗုဒ္ဓါအရှင်မြတ်သည် နိရောဓသမာပတ်မှ ထသည်ရှိသော် ထိုနတ်ဗြဟ္မာတို့ ပြောဆိုသောအသံကိုကြား၍ မိမိလည်း အသက်ကုန်ခြင်းကို တွေ့မြင်၍ ဟိမဝန္တာတောဝယ် မဟာပဝါတမည်သော တောင်၌ ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့ ပရိနိဗ္ဗာန်စံရာ အရပ်သည်ရှိ၏။
ထိုအရပ်သို့ ကောင်းကင်ခရီးဖြင့် ကြွသွား၍ မိမိတို့ရောက်ရာမှ ရှေး၌ ပရိနိဗ္ဗာန် ပြုတော်မူသွားသော ပစ္စေကဗုဒ္ဓါ အရိုးပုံကို ကမ်းပါးပြတ်၌ ပစ်ချထားတော်မူပြီး၍ ကျောက်ပြားအပြင်၌ထိုင်၍ ဤ ‘ရာဂဉ္စ ဒေါသဉ္စ ပဟာယ’ အစရှိသော ဥဒါန်းဂါထာကို ရွတ်ဆိုတော်မူ၏။
ဟူ၍ ဖွင့်ပြတော်မူခဲ့ပါသည်။ ယင်းအဖွင့်ကို ထောက်သော် ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ ပရိနိဗ္ဗာန် စံတော်မူသောအခါ ဓာတ်တော်အကြွင်းမဲ့ အရိုးစုသာ ကြွင်းကျန်သည်ဟု သိသာပါသည်။
ယင်းသို့ အရိုးစုသာ ကြွင်းကျန်ခြင်းမှာလည်း ဓာတ်တော်ကြွင်းကျန်အောင် အဓိဋ္ဌာန်မှု မပြုသောကြောင့်ဟု မှန်းဆ၍ သိသာနိုင်ပါသည်။
အဘယ့်ကြောင့် ဓာတ်တော်ကြွင်းကျန်အောင် အဓိဋ္ဌာန်ချက် မပြုပါသနည်း။ ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့သည် ပွင့်တော်မူသည့် အချိန်အခါ၌ တစ်ဆူတည်းသာမဟုတ်ပါ။ အဆူများစွာ ပွင့်ပါသည်။ ယင်းသည် အကြောင်းတစ်ချက် ဖြစ်ပါသည်။
“ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့ ပွင့်ထွန်းပြီးသော် ဘုရားရှင်တို့ ပွင့်ရိုးစဉ်လာ ဓမ္မတာဖြစ်ရကား ပစ္စေကဗုဒ္ဓါခေတ်ကုန်ပြီ ဖြစ်၍ ဓာတ်တော်များ အံ့ဖွယ်အနေ ကြွင်းကျန်ရန် မလိုတော့ပေဟု မှန်းဆနိုင်ပါသည်”
ဤသို့ဆိုသော် အများဖြစ်၍ အံ့ဖွယ်မဟုတ်ရကား ဓာတ်တော်မကြွင်းစေ၊ ခေတ်ကုန်၍ ဗုဒ္ဓခေတ်ရောက်တော့မှာမို့ အံ့ဖွယ်မဟုတ်ရကား ဓာတ်တော် မကြွင်းစေ၊ အရိုးစုသာ ကြွင်းစေသည်ဟု မှန်းဆနိုင်ပါသည်။ အကယ်၍ ဓာတ်တော်ကြွင်းအောင် အဓိဋ္ဌာန်လျှင်လည်း ကြွင်းနိုင်မည်ထင်ပါသည်။

*ရဟန္တာဓာတ်တော်*
~~~~~~~~~~~
ယင်းသို့ဖြင့် ဓာတ်တော်အကြောင်းမှာ သိကောင်းစရာတစ်ခု ဖြစ်ပါသည်။ မိမိတို့ ကိုးကွယ်နေသော အမြတ်တစ်ခုဖြစ်၍လည်း သိရန်အထူးလိုပါသည်။ အထူးသဖြင့် ရဟန္တာအတုတွေပေါသော ယခုလိုခေတ်တွင် ဓာတ်တော်အကြောင်း ပို၍သိသင့်ပါသည်။ သိသင့်၍ မိမိကို ဒကာတစ်ယောက်က မေးပါသည်။
“အရှင်ဘုရား၊ ရဟန္တာဓာတ်တော်ဟာ ဘုရားဓာတ်တော်လိုပဲလားဘုရား”
“ဒကာကြီးက ဘုရားရှင်ဓာတ်တော်တော့ အတိအကျ သိထားပြီးပေါ့နော်”
“မှန်ပါဘုရား” “ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့၏ ဓာတ်တော်တို့ကိုဘယ်လို ပုံသဏ္ဌာန်ရှိသည်၊ ဘယ်လို အရွယ်ပမာဏရှိသည်၊ ဘယ်လို အဆင်းရှိသည်ဟုအတိအကျ ဖော်ပြချက်မရှိသလို ရဟန္တာ အရှင်မြတ်များ၏ ဓာတ်တော်များလည်း ထိနည်းတူလိုပင် ဖြစ်ပါသည် ဒကာကြီး”
“မှန်ပါဘုရား” “ရဟန္တာအရှင်မြတ်တို့တွင် အဂ္ဂသာဝက၊ မဟာသာဝက အရှင်မြတ်တို့၏ ဓာတ်တော်ကိုလည်းကောင်း၊ ပကတိသာဝက ရဟန္တာ အရှင်မြတ်တို့၏ ဓာတ်တော်ကို လည်းကောင်း ဘယ်လို ပုံသဏ္ဌာန်ရှိသည်၊ ဘယ်အရွယ်ပမာဏ ရှိသည်ဟု အတိအကျ ဖွင့်ဆို ဖော်ပြချက် မရှိပါဘူး ဒကာကြီး”

*အရှင်အညာသိကောဏ္ဍည*
~~~~~~~~~~~~~~~
ရဟန္တာအရှင်မြတ်တို့တွင် အရှင်အညာသိကောဏ္ဍညထေရ်သည် ဟိမဝန္တာတော ဆန္ဒန္တအိုင်အနီး၌ ပရိနိဗ္ဗာန် ပြုတော်မူပါတယ်၊ အရှင်အနုရုဒ္ဓ အမှူးပြုသော ရဟန္တာငါးရာနှင့် နတ်ဗြဟ္မာတို့က မီးသဂြိုလ်ပါတယ်။
“မီးသဂြိုလ်ပြီးနောက် မြတ်လေးပန်းငုံအဆင်းရှိသော ဓာတ်တော်တို့ကိုရေစစ်ပဝါဖြင့် ထည့်ယူခဲ့ပြီး ဘုရားရှင်လက်တော်သို့ အပ်ကြပါတယ်”
“ဘုရားရှင် ဝေဠုဝန်ကျောင်းတော် တံခါးမုခ်ဝ၌ ရေစစ်ပဝါဖြင့် ထည့်ထားသော အရှင်အညာသိကောဏ္ဍညထေရ်၏ ဓာတ်တော်တို့ကိုကိုင်၍ လက်ကို ဆန့်တန်းတော်မူသောအခါ မြေကြီးမှ ငွေရေဗူးတောင်းနှင့်တူသော စေတီတော် ပေါ်ထွက်ပါတယ်”
ဘုရားရှင်သည် အရှင်အညာသိကောဏ္ဍညထေရ်၏ ဓာတ်တော်တို့ကိုအဲဒီစေတီတော်၌ ကိုယ်တော်တိုင် ထည့်သွင်းဌာပနာတော်မူပါတယ်။
အဲဒီအခြင်းအရာကို ထောက်ရှုကြည့်ရင် ရဟန္တာအရှင်မြတ်တို့ရဲ့ ဓာတ်တော်သည် မြတ်လေးပန်းငုံအဆင်းနှင့် တူတယ်လို့ ဆိုနိုင်ပါတယ် ဒကာကြီး”
“ဒီလိုဆိုရင် ရဟန္တာများရဲ့ ဓာတ်တော်ဟာ အရောင်အဆင်းအားဖြင့် ဘုရားရှင်ရဲ့ မုံညှင်းစေ့ခန့် ပမာဏရှိတဲ့ မြတ်လေးပန်းငုံ အဆင်းနှင့်တူတာပေါ့ဘုရား”
“အင်း… အဆင်းတော့တူတယ်၊ အရွယ်တော့ ဘယ်လိုလို့ မပါဘူး ဒကာကြီး”
“အရှင်ဘုရား ရဟန္တာများ ပရိနိဗ္ဗာန်စံသောအခါ အဲဒီ ပရိနိဗ္ဗာန်စံတဲ့ ရဟန္တာတိုင်း ဓာတ်တော်ကျန်ပါသလားဘုရား”
“ရဟန္တာတိုင်း ဓာတ်တော် မကြွင်းကျန်ဘူး ဒကာကြီး”
“ဘယ်လိုရဟန္တာများ ဓာတ်တော်ကြွင်းကျန်ပါသလဲဘုရား၊ ဘယ်လိုရဟန္တာများ ဓာတ်တော် မကြွင်းကျန်ပါသလဲဘုရား”

*အဘိညာဉ်ရမှ*
~~~~~~~~
ဘုရားရှင် ပရိနိဗ္ဗာန် ဝင်စံသောအခါ အရိုးတော် အသားတော် စသည်တို့သည် အားလုံးဓာတ်တော်များ ဖြစ်ပါသည်။
ပစ္စေကဗုဒ္ဓါ အရှင်မြတ်များကား ပရိနိဗ္ဗာန် ဝင်စံခါနီးတွင် ဓာတ်တော်ကြွင်းကျန်စေချင်လျှင် ပထမ အဘိညာဉ်ဝင်စားရ၏။ အဘိညာဉ် ဝင်စားပြီးနောက် အဓိဋ္ဌာန်ပြုရပါတယ်။
အဲဒီလို အဓိဋ္ဌာန်ပြုမှသာ ဓာတ်တော်များ ကျနိုင်ပါသည်၊ အဘိညာဉ်ရမှလည်း အဘိညာဉ် ဝင်စားနိုင်ပါတယ်၊ အဘိညာဉ်ဝင်စားမှလည်း အဓိဋ္ဌာန်ပြုမှု အောင်မြင်ပါတယ်။

*အဓိဋ္ဌာန်အောင်မြင်မှ*
~~~~~~~~~~~~
ရဟန္တာပုဂ္ဂိုလ်ကြီးများမှာလည်း သုက္ခဝိပဿကခေါ် ရဟန္တာရိုးရိုးသာဖြစ်လျှင် ပုထုဇဉ်ရဟန်း သာမန်များကဲ့သို့ ပကတိအရိုးသာ ကြွင်းကျန်ရစ်ပါတယ်။
အဘိညာဉ်လည်းရမှ ဓာတ်တော်များ ကျပါစေဟု အဓိဋ္ဌာန်လည်း ပြုပါမှ အဓိဋ္ဌာန်သည့်အတိုင်း အောင်မြင်စွာ ဓာတ်တော်ကျနိုင်ပါတယ်ဒကာကြီး။
“အရှင်ဘုရား ဒီလိုဆိုရင် ယခုခေတ် ရဟန္တာဖြစ်ရင် ဓာတ်တော်ကျနိုင်ပါသေးသလား”
“အင်း… ဒါတော့ ယခုပြောခဲ့တဲ့ စကားတွေနဲ့ပဲ စဉ်းစားကြည့်ပါတော့ ဒကာကြီး”
“အရှင်ဘုရားကလည်း ဖြေပါဘုရား”
“ဓာတ်တော်ကျလား မကျလား မီးသဂြိုလ်ပြီးတာနဲ့ တပြိုင်နက် ပရိသတ်အများရှေ့မှာ မီးပုံကို ဝိုင်းကြည့်ပြီး ကောက်ယူကြည့်ရင် အရှင်းဆုံးပါပဲ ဒကာကြီး”
“ရှင်းပါပြီဘုရား”
“ဘယ်လိုရှင်းတာလည်း ဒကာကြီး”
“ခုခေတ် ရဟန္တာအမည်ခံတွေကို ဓာတ်တော်လုပ်တာက မီးသဂြိုလ်တဲ့ဆီ ဘယ်သူမှ မသွားရ၊ မီးပုံနား ဘယ်သူမှ မသွားရ နောက်မှ သူတို့အတွင်းသားချင်း သွားပြီးကောက်၊ ကွင်းဆက်လုပ်လိုလုပ်၊ ဓာတ်တော်လုပ်လို လုပ်ကြတာပေါ့ဘုရား”
“အဲတာ သိပ်ကြောက်စရာကောင်းတာပေါ့၊ ရဟန္တာမဟုတ်ဘဲနဲ့ ရဟန္တာလုပ် ကိုးကွယ်ရင် နတ်ရွာနိဗ္ဗာန်မရောက်တော့ဘူးတဲ့ ဒကာကြီး”
“ကြောက်စရာပါလားဘုရား”
“ဘုန်းကြီးကိုယ်တိုင် တွေ့ဖူးတယ်၊ နာမည်ကြီးဆရာတော်ကြီးတစ်ပါး ပျံလွန်တော်မူတော့ အရိုးကို နောက်မှကောက်ပြီး အရိုးတွေ အမှုန့်ထောင်းပြီး ကော်ကောင်းကောင်းနဲ့လုံးပြီး ရွှေချကာ ဓာတ်တော်လုပ်ကြတယ်”
“တယ်ဆိုးပါလားဘုရား”
“အဲတာ ဆိုးတာမဟုတ်ဘူး၊ ညာတာ ဒကာကြီးရဲ့”
“သူတို့က ညာတာ ကိစ္စမရှိပါဘုရား၊ မသိတဲ့လူတွေက ရဟန္တာလုပ် ကိုးကွယ် နတ်ရွာနိဗ္ဗာန်နဲ့ လွဲမှာ ကြောက်ရပါတယ်ဘုရား”
“ဒါကြောင့်ပြောတိုင်းမယုံဖို့၊ အသိုင်းအဝိုင်း ကောင်းတိုင်း အထင်မကြီးဖို့ အရေးကြီးတယ်နော်”
“မှန်ပါဘုရား”
“ကဲ… တော်ရောပေါ့”

* ဓာတ်တော်ဆိုတာကိုးကွယ်ရာ သေချာကိုးကွယ်ပါ၊*

* ဘုရားဓာတ်တော် သုံးစားနော် ရွေးဖော်နှိုင်းယှဉ်ပါ၊*

* ရဟန္တာမှာ ဓာတ်တော်ဟာ ကျတာမကျ ရှိလေပါ၊*

* ခုခေတ်ရဟန္တာ ဓာတ်တော်ဟာ သေချာမကျများလှပါ၊*

* ကျတယ်ဆိုက စုံစမ်းကြ ကျနသေသေချာ၊*

* မစုံစမ်းပဲ ကိုးကွယ်လွဲ ငရဲကျလိမ့်မှာ။*

~~~~~~~~~~~~~~~~~~~~~~~~~~~~~

*ကျေးဇူးတော်ရှင် တောင်စွန်း ဓမ္မဒူတဆရာတော်ကြီး၏
ဗုဒ္ဓဓမ္မပြဿနာများ - ၈ စာအုပ်မှ ကူးယူပါသည်။*