ဘုရား ၊ ရဟန္တာနှင့် ငါဟူသော ဝေါဟာရ


ပြဿနာ = ဘုရား ၊ ရဟန္တာ၌ အတ္တစွဲ ရှိသလော
မေးလျှောက်သူ= တောစိုးနတ်သားတစ်ဦး

တစ်ဦးသော နတ်သားသည် တစ်ခုသော တောအုပ်ကြီး၌ နေ၏ ။ သူနေသော တောအုပ်ထဲသို့ ရဟန္တာကြီးများ လာရောက်နေထိုင်ကြလေရာ ထိုနတ်သားသည် ရဟန္တာကြီးများ အချင်းချင်းပြောကြသော စကားများကို ကြားနေရ၏ ။

ထိုအခါ ယင်းရဟန္တာကြီးများ ပြောစကားကို အကြောင်းပြု၍ ထိုနတ်သားသည် ရဟန္တာကြီးများအပေါ်တွင် ယုံမှားသံသယဖြစ်လာသည် ။

ရဟန္တာကြီးများ ပြောဆိုကြသည့် စကားများကား ၊ " ငါစားသည် ၊ ငါသောက်သည် ၊ ငါအိပ်သည် ၊ ငါ့ပစ္စည်း ၊ ငါ့ဟာ ၊ ငါ့သပိတ် ၊ ငါ့သင်္ကန်း " ဤသို့ စသည်ဖြင့် အတ္တစွဲ ငါ ၊ ငါ ဟူသော စကားများဖြစ်သတည်း ။ ထိုစကားကို အကြောင်းပြု၍ နတ်သားသည် တွေးမိလာ၏ ။ " အစက ဤကိုယ်တော်ကြီးများကို ရဟန္တာဟု ငါမှတ်ထင်ခဲ့သည် ။ ရဟန္တာတို့မည်သည် ငါ ၊ ငါဟူ၍ အတ္တစွဲနှင့်စပ်သောစကား ၊ အတ္တစွဲမကင်းသော စကားကို ဆိုကြ ၊ ပြောကြရာသလော ၊ မဆိုမပြောရာသလော " ဟု သို့လော သို့လော တွေးတော ဒွိဟ သံသယ ဖြစ်လာသည် ။

တစ်နေ့သ၌ ထိုနတ်သားသည် မိမိ၏ ယုံမှားသော သံသယ ကင်းပခြင်းငှာ ဘုရားအထံတော်သို့ ချည်းကပ်ပြီး ထိုပြဿနာရပ်ကို တင်ပြလျှောက်ထားကာ မေးမြန်းခြင်းပြုလေ၏ ။

မေး ။ ။ လူ ၊ နတ် ၊ ဗြဟ္မာတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရား ၊ အကြင်ရဟန်းသည် ရဟန္တာဆိုပါက ၊ ရဟန်းကိစ္စပြီးစီးသော ပုဂ္ဂိုလ်မှန်ပါက ၊ အာသဝေါကုန်ခန်းပြီး ဖြစ်ပါက ၊ တစ်ဖန် ပဋိသန္ဓေနေရခြင်း မရှိသော နောက်ဆုံး ခန္ဓာဝန်အတ္တဘောရှိသည်ဆိုပါက ထိုရဟန်းသည် " အဟံ ဝဒါမိ = ငါပြောသည် ဟူ၍လည်းကောင်း ၊ အဟံ ပိဝါမိ = ငါသောက်၏ ဟူ၍လည်းကောင်း ၊ မမစီဝရံ = ငါ့သင်္ကန်းဟူ၍ လည်းကောင်း " အတ္တစွဲ ငါဟူသောစကားကို ဆိုရာပါသလော ။

ဖြေ ။ ။ အချင်း ဒါယကာနတ်သား ၊ မှတ်သားနာယူလော့ ။ အကြင်ရဟန်းသည် ကုန်ပြီးသော အာသဝေါတရား လေးပါးလည်းရှိ၏ ။ ပြီးပြီးသော ရဟန်းကိစ္စ ၁၆ - ပါးလည်း ရှိ၏ ။ နောက်ထပ်တစ်ဖန် ပဋိသန္တေနေခြင်းမရှိသော နောက်ဆုံး ခန္ဓာဝန်ကိုလည်း ဆောင်၏ ။ ထိုရဟန်းသည် အဟံ ဝဒါမိတိပိ = ငါပြောသည် ၊ ငါဆိုသည်ဟူ၍လည်းကောင်း ၊ မမံ=ငါ့ကို ၊ ပရေ= တစ်ပါးသောသူတို့က ၊ ဝဒန္တိ တိပိ = ပြောကုန်သည် ၊ ဆိုကုန်သည်ဟူ၍လည်ကောင်း ပြောဆိုပေရာသည် ။ ခန္ဓာလောက၌ လိမ္မာသောရဟန်းကား လူ့ဝေါဟာရ ၊ လူ့ အသုံးနှုန်းကို သိတော်မူ၏ ။ သိသောကြောင့် လောက ဝေါဟာရမျှဖြင့် ဆိုရာသည် ၊ ဆိုနိုင်ပေသည် ၊ ဆိုကောင်းသည် မှတ်ရာ၏ ။

အချင်း ဒါယကာနတ်သား ၊ ငါ ထင်ရှားစွာဆိုဦးအံ့ ။ ခန္ဓာငါးပါးတို့သည် သွားကုန်၏ ၊ စားကုန်၏ ၊ ရပ်ကုန်၏ ၊ နေကုန်၏ ။ ခန္ဓာငါးပါးတို့သည် အိပ်ကုန်၏ ၊ သောက်ကုန်၏ ဆိုခဲ့သော်လည်းကောင်း ၊ ဤသင်္ကန်းကား ခန္ဓားငါးပါး၏ သင်္ကန်းတည်း ။ သပိတ်ကား ခန္ဓာငါးပါး၏ သပိတ်တည်းဟု ဤသို့သော ဝေါဟာရဖြင့် ဆိုခြင်း ၊ ပြောခြင်း ၊ သုံးနှုန်းခြင်း ပြုခဲ့သည်ရှိသော် လည်းကောင်း ၊ လောက ဝေါဟာရအစဉ်အလာ ပြောရိုး ၊ ဆိုးရိုး ၊ လူ့ အသုံးအနှုန်း ပျက်လေ၏ ။

အချင်း ဒါယကာနတ်သား ၊ ယင်းသို့ ခန္ဓာငါးပါး သွားသည် ၊ ခန္ဓာငါးပါး စားသည် စသည်ဖြင့် မဆိုဘဲ လူ့ ဝေါဟာရ ၊ လူ့ အသုံးအနှုန်းဖြင့်သာလျှင် (လူ့ဝေါဟာရနှင့် မဆန့်ကျင်သော စကားဖြင့်) ရဟန္တာပုဂ္ဂိုလ်သည် ဆိုပေရာ၏ ။ လောကဝေါဟာရ လူ့အသုံးအနှုန်း မပျက်စေခြင်းငှာ ၊ နားလည်စေခြင်းငှာ ငါသွားသည် ၊ ငါစားသည် ၊ ငါ့သင်္ကန်းဟူ၍ ဘုရားပစ္စေကဗုဒ္ဓာတို့သည်လည်း ဆိုကုန်၏ ။ ရဟန္တာတို့သည်လည်း ဆိုပေကုန်၏ ။ အတ္တစွဲဟူ၍ ဆိုသည်မဟုတ် ။

( သဂါထာဝဂ္ဂ သံယုတ်ပါဠိတော်နှင့် ၎င်းအဋ္ဌကထာ )

BTNR မှ ဆရာ ဒဂုန်ဦးစန်းငွေ၏ ဗုဒ္ဓကိုယ်တိုင်ဖြေကြားခဲ့ရသော မေးခွန်းနှင့်ပြဿနာများ စာအုပ်မှ ကူးယူဖော်ပြပူဇော်ခြင်း ဖြစ်ပါသည် ။

World Of Wisdom