ဂိုဏ်းဆရာများ နတ်များ စသည်တို့ကို ကိုးကွယ်ဆည်းကပ်သည်ရှိသော် သရဏဂုံပျက် မပျက်




သရဏဂုံပျက်ခြင်းဟုဆိုရာ၌ အပြစ်ရှိသော ပျက်ခြင်း နှင့် အပြစ် မရှိသော ပျက်ခြင်း ဟူ၍ နှစ်မျိုး ရှိသည်။

သရဏဂုံပျက်ခြင်း နှစ်မျိုး
(၁)ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်မှု မရှိတော့ခြင်း။
(၂) သေဆုံးသွားခြင်း။

ဗုဒ္ဓ ဓမ္မ သံဃာဟူသော သရဏဂုံသုံးပါးမှအပ တပါးသော ဂိုဏ်း ဆရာများ၊ ရသေ့များ၊ နတ်များ၊ စသည်တို့ကို “တပည့်တော်၏ အ-သက်နှင့် ခန္ဓာကို အပ်နှင်း လှူဒါန်းပါ၏ဟု ကိုးကွယ် ဆည်းကပ် သည်ရှိသော် သရဏဂုံပျက်၏။ ထိုသို့ ပျက်ခြင်းမျိုးသည် အပြစ်ရှိ သော ပျက်ခြင်းမည်၏။ မကောင်းသော အကျိုးများကိုသာ ရရှိစေ နိုင်သည်။
သေဆုံးသွား၍ သရဏဂုံပျက်ခြင်းသည် မပြစ်မရှိသော ပျက်ခြင်း မျိုးဖြစ်၏။ သေဆုံးပြီးနောက် ထိုသူဆောက်တည်ခဲ့သော ကံအား လျော်စွာ နတ်စည်းစိမ် ခံစားစံစားရခြင်း ကောင်းကျိုးချမ်းသာ သုခ နှင့် ပြည်စုံခြင်းစသော ကောင်းကျိုးများကို ရရှိနိုင်သည်။
ယခုခေတ်တွင် သေဆုံးသွားသော သူများကို သရဏဂုံတင်ခြင်း ပြုလုပ်ကြလေ့ရှိ၏။
 သေသူ၌ စိတ်မရှိ၊ စေတသိတ်မရှိ၊ ဥတုဇရုပ် ဟုခေါ်သော အလောင်းကောင်သာ ရှိ၏။ စိတ်မရှိသော အလောင်း ကောင်ကို အဘယ်သို့ သရဏဂုံတင်နိုင်အံ့နည်း။ ကျန်ရစ်သူများ၏ သရဏဂုံ ကျိုးခြင်း၊ ပျက်ခြင်း၊ ပေါက်ခြင်းမှ ပြန် လည် တည်သွားအောင်သာ သရဏဂုံပေးခြင်း ဖြစ်၏။ သရဏဂုံတည်၍ ကောင်းမှုအစုစုကို ပြုလုပ်ရခြင်းသည်အကျိုးများလှသည်။ ထိုသို့သောကောင်းမှုသိုလ်မျိုးကို သေသွားသော သူတို့အား အမျှ ပေးဝေခြင်း သေသူအတွက် အကျိုးထူးလှ၏။

သရဏဂုံဖြစ် မဖြစ်

၁) ဆွေမျိုးဖြစ်၍ ရှိခိုးခြင်း။
၂) ကြောက်၍ ရှိခိုးခြင်း။
၃) ဆရာဖြစ်၍ ရှိခိုးခြင်း။
ဤအကြောင်းများကြောင့် ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို ရှိခိုးလျှင် သရဏဂုံ မဖြစ်တည်ပေ။ ယုံကြည်ပြီး ကိုးကွယ်ဆည်းကပ်သည့် အနေဖြင့် ရှိခိုးမှသာလျှင် သရဏဂုံ ဖြစ်တည်သည်။

သရဏဂုံပျက် မပျက်

သရဏဂုံဆောက်တည်ပြီးသောသူသည် ...

(၁) သာသနာတော်မှအပ တပါးသောအယူရှိသော တိတ္ထိတို့၌ ရသေ့ရဟန်းပြုထားသော ဆွေမျိုးကို “ဤသူသည် ငါ၏ ဆွေမျိုး တည်း”ဟုအသိရှိလျှက် ရှိခိုးသောသူသည် သရဏဂုံ မပျက်ပေ။ ရသေ့ရဟန်း မဟုတ်သော ဦးလေး ဘကြီး စသည့် ဆွေမျိုးတို့အား ရှိခိုးသော သူသည်လည်း သရဏဂုံ မပျက်သည်သာတည်း။

(၂) ထို့အတူ ကြောက်ရွံ၍ ဘုရင် (သို့) ကိုယ့်၏ အထက် လူကြီးကို ရှိခိုးခြင်းသည်လည်း သရဏဂုံ မပျက်သည်သာတည်း။ အဘယ်ကြောင့်ဆိုသော် ဘုရင်ကို ပြည်သူတို့က ပူဇော်အပ်သော ကြောင့်လည်းကောင်း၊ မရှိခိုးအပ် မရိုမသေပြုအပ်သည်ရှိသော် အ ကျိုးမဲ့ကိုသာ ဖြစ်စေသောကြောင့်လည်းကောင်း ရှိခိုးရ၏။ ထိုသို့ ရှိခိုးခဲ့သော် သရဏဂုံ မပျက်ပေ။ ထို့ကြောင့် ယခုခေတ် ကိုယ့်အ ထက် လူကြီးကို ကြောက်သဖြင့် လက်အုပ်ချီသော် ဆောက်တည် ထားသော သရဏဂုံသည် မပျက်နိုင်ဟု မှတ်ယူရမည်။

(၃) တစ်ခုခုသော အတတ်ပညာကို သင်ပေးသော တိတ္ထိကို “ဤသူသည် ငါ၏ ဆရာတည်း”ဟူ၍ မိမိ၏ ဆရာအမှတ်ဖြင့် ရှိခိုး ခြင်းသည်လည်း သရဏဂုံမပျက်ပေ။

သရဏဂုံဆောက်တည်ခြင်း
သရဏဂုံဆောက်တည်ချင်သောသူသည်….
အောက်ပါအတိုင်းဆောက်တည်ရမည်။
အဇ္ဇတဂ္ဂေ ပါဏုပေတံ...

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဓမ္မံ သရဏံ ဂစ္ဆာမိ။
သံဃံ သရဏံ ဂစ္ဆာမိ။
ဒုတိယမ္ပိ ဗုဒ္ဓံ...,
တတိယမ္ပိ ဗုဒ္ဓံ...
စသည်ဖြင့် ဆက်ဆိုပါ။

အဇ္ဇတဂ္ဂေ- ယနေ့ကို အစပြု၍၊ ပါဏုပေတံ-အသက်ရှည်သမျှ ကာလပတ်လုံး၊ ဗုဒ္ဓံ - မြတ်စွာဘုရားကို၊ သရဏံ သရဏံဣတိ - ဆင်းရဲကို ဖျောက်တတ် ချမ်းသာကို ဆောင်ပေတတ်၏ ဟူ၍၊ ဂစ္ဆာမိ- မှီဝဲဆည်းကပ်ပါ၏။
ဓမ္မံ- မဂ်လေးပါး ဖိုလ်လေးပါး နိဗ္ဗာန် ပရိယတ်ဟု ဆိုအပ်သော ဆယ်ပါးသော တရားတော်မြတ်ကို၊ သရဏံ သရဏံဣတိ- ဆင်းရဲ ကို ပယ်ဖျောက်တတ် ချမ်းသာကို ဆောင်တတ်၏ ဟူ၍၊ ဂစ္ဆာမိ- မှီဝဲဆည်းကပ်ပါ၏။
သံဃံ- သမုတိ အရိယာ သံဃာတော်အပေါင်းကို၊ သရဏံ သရဏံဣတိ - ဆင်းရဲကို ပယ်ဖျောက်တတ် ချမ်းသာကို ဆောင် တတ်၏ ဟူ၍၊ ဂစ္ဆာမိ- မှီဝဲ ဆည်းကပ်ပါ၏။ 
                                                အရှင်ဥက္ကံသ (ဖားအောက်တောရ)