ဤကမ္ဘာလောကကြီးသည် နှစ်ပေါင်း သိန်းသန်းမက ကြာမြင့်စွာ တည်နေပြီးနောက် သတ္တ၀ါတို့ အကုသိုလ် ထူပြောလွန်းလာသည့်အခါ ပျက်စီးတတ်၏။ ထိုသို့ပျက်စီးရာတွင်
- ရာဂ ထူပြောလွန်းသည့်အခါ မီးဖြင့် ပျက်စီး၏။
- ဒေါသ ထူပြောလွန်းသည့်အခါ ရေဖြင့် ပျက်စီး၏။
- မောဟ ထူပြောလွန်းသည့်အခါ လေဖြင့် ပျက်စီး၏
အထက်ပါအကြောင်းသုံးပါးတို့တွင် မီးဖြင့် ကမ္ဘာကြီးပျက်စီးရန် နီးလာသောအခါ လောကဗျူဟာ နတ်တို့သည် နှစ်ပေါင်းတသိန်းခန့် ကြိုတင်၍ လောက၌လှည့်လည်ကာ ကြွေးကြော်ကြသည်။ ကမ္ဘာပျက်တော့မည်ဖြစ်၍ ကုသိုလ်ကောင်းမှု ပြုကြရန် သတ္တ၀ါတို့အား တိုက်တွန်းနှိုးဆော်ကြသည်၊ ထိုနတ်တို့၏ တိုက်တွန်းနှိုးဆော်မှုကြောင့် အောက်ဘုံတို့မှ သတ္တ၀ါများ ကိုသိုလ်ကောင်းမှု ပြုလုပ်ကာ အထက်ဗြဟ္မာဘုံ များသို့ ရောက်သွားကြသည်။
ထို့နောက် နေတစင်းမှ နှစ်စင်း၊ နှစ်စင်းမှ သုံးစင်း၊ စသည်ဖြင့် ပေါ်လာပြီး နေခုနစ်စင်း ပေါ်လာသောအခါ မြင့်မိုရ်တောင် သမုဒ္ဒရာတို့မှ စ၍ ကမ္ဘာလောကကြီး တခုလုံး မီးလောင်ပျက်စီးပြီး ဟင်းလင်းပြင်ကြီး ဖြစ်သွားသည်။
ကမ္ဘာကြီးသည် ရေဖြင့် ပျက်စီးသောအခါ ရေငန်မိုးကြီး သည်းထန်စွာ ရွာလာ၍ ထိုရငန်မိုးရေဖြင့် ထိရာထိရာ အရပ်တိုင်းသည် ကြေမွပျက်စီးသွားပြီး ဟင်းလင်းပြင်ကြီး ဖြစ်သွားသည်။
လေဖြင့်ပျက်စီးသောအခါ အလွန်ပြင်းထန်သော လေနီကြမ်းကြီး တိုက်ခတ်၍ တောတောင်သစ်ပင် စသော အရာဝတ္ထုအားလုံး ကြေမွပျက်စီးကာ ဟင်းလင်းပြင်ကြီး ဖြစ်သွားသည်။
အကြောင်းသုံးပါးဖြင့် ကမ္ဘာကြီး ပျက်စီးရာတွင် မီးကြောင့်ပျက်စီးသည့်အခါ အထက်၌ ပထမဈာန် ဗြဟ္မာဘုံ သုံးဘုံအထိ ပျက်စီးသည်။ ရေဖြင့် ပျက်စီးသည့်အခါ ဒုတိယဈာန် ဗြဟ္မာဘုံ သုံးဘုံအထိ ပျက်စီးသည်။လေဖြင့် ပျက်စီးသည့်အခါ တတိယဈာန် ဗြဟ္မာဘုံ သုံးဘုံအထိ ပျက်စီးသည်။ဘေးပတ်ဝန်းကျင်တွင်ကား တဆက်တည်း ဆက်စပ်တည်ရှိသည့် ကမ္ဘာပေါင်း ကုဋေတသိန်း တပြိုင်နက် ပျက်စီးသည်ဟု ဆိုပါသည်။
ကမ္ဘာကြီးသည် မီးဖြင့် ခုနစ်ကြိမ် ပျက်စီးပြီးနောက်၊ ရေဖြင့် တကြိမ် ပျက်စီးသည်။
ဤသို့ မီး ခုနစ်ကြိမ် ရေတကြိမ်ဖြင့် ရှစ်ကြိမ်ရှစ်လီ ပြည့်မြောက်မည့် ( ၆၄ ) ကြိမ်မြောက်တွင် လေဖြင့် တကြိမ် ပျက်စီးသည်။
ကမ္ဘာပျက်ပုံအကျယ်ကို ၀ိသုဒ္ဓိမဂ် ဒု-အုပ် ပုဗ္ဗေနိဝါသာနုဿတိ ဉာဏကထာနှင့် သင်္ဂြိုဟ် ဘုံပိုင်း အဖွင့်ကျမ်းများ၌ ရှုနိုင်ပါသည်။
.........................
0 မှတ်ချက်: