ဒက္ခိဏသာခါ ပြဿနာ



ဆရာတော် အရှင်ဇ၀နအား ဦးသိန်းရွှေက ဒက္ခိဏသာခါဘုရားဆင်းတုတော်အကြောင်း မေးမြန်းလျှောက်ထားပုံ -
မေး –   ဆရာတော်၊ ဒက္ခိဏသာခါ ဆိုတဲ့ အမည်ဟာ ဘယ်ကနေပြီး စဖြစ်လာတာလဲ ဘုရား။ ဒက္ခိဏသာခါရဲ့ အဓိပ္ပါယ်ကရော ဘာပါလဲ ဘုရား။
ဖြေ –    ဒက္ခိဏ – တောင်ဘက်အရပ်ကို ဟောတယ်။
သာခါ – အကိုင်း ကို ဟောတယ်။
နှစ်ခုပေါင်းတော့ ဒက္ခိဏသာခါ ဆိုတာ တောင်ဘက်က အကိုင်းပဲပေါ့။ ဒီအမည်ဟာ သီရိဓမ္မာသောကမင်းကြီးလက်ထက်က စဖြစ်ခဲ့တယ်။ နောင်တစ်ချိန်မှာ အိန္ဒိယမှာ ဗုဒ္ဓသာသနာကွယ်ပျောက်ပြီ တခြားနိုင်ငံတွေမှာ သာသနာတည်မှာကို မြင်တော်မူတဲ့ ရဟန္တာများက သီရိဓမ္မာသောကမင်းကြီးကို ကိုးတိုင်း ကိုးဌာန သာသနာပြုစေလွှတ်ဖို့ တိုက်တွန်းတော်မူကြတယ်။
သာသနာပြု ကြွတော်မူရာမှာ သီဟိုဠ်ကျွန်းကို ကြွဖို့ သီရိဓမ္မာသောကမင်းကြီးရဲ့ သားတော် အရှင်မဟာမဟိန္ဒမထေရ်နှင့် သမီးတော် သင်္ဃမိတ္တထေရီ တို့က တာဝန်ယြူ့တယ်။ အရှင်မဟာမဟိန္ဒရဲ့ တူတော် ကိုရင်တစ်ပါးလည်း ပါသွားပါတယ်။ သီဟိုဠ်ကို သာသနာရောက်သွားတဲ့အချိန်မှာ သီဟိုဠ်ဘုရင်က ဗောဓိပင် ပူဇော်ပါရစေ လို့ တောင်းပန်တဲ့အတွက်ကြောင့် အရိဠအမတ်က ဗောဓိပင် ပင့်ဖို့ အိန္ဒိယကို သွားတယ်။

ရဟန္တာမထေရ်များရဲ့ ညွှန်ကြားချက်အရ သီရိဓမ္မာသောကမင်းကြီးက ဗောဓိပင်ရဲ့တောင်ဘက်က အကိုင်းပြတ်စေလိုတဲ့ နေရာမှာ ရွှေကညစ်နဲ့ ရေးခြစ်လိုက်ပါတယ်။ ရေးခြစ်လိုက်တာနဲ့ ဗောဓိကိုင်းဟာ အလိုလို ပြတ်ကျပြီး အသင့်စီရင်ထားတဲ့ ရွှေဖျင်းအိုးထဲမှာ တည်ပါတယ်။
          အဲဒီလို ဗောဓိပင်ရဲ့တောင်ဘက်က အကိုင်းကိုယူပြီး တစ်ဆင့်စိုက်ပျိုးခဲ့တဲ့အတွက်ကြောင့် သီဟိုဠ်က ဗောဓိပင်ကို “ဒက္ခိဏသာခါ” လို့ ခေါ်တယ်။ နောင်နှစ်ပေါင်းများစွာကြာလို့ သီဟိုဠ်က ဗောဓိပင်သေတဲ့အခါ အမှတ်တရ ပူဇော်ကြရအောင် ဘုရားပုံတော်ထုလုပ်ကြရာကနေ ဒက္ခိဏသာခါဘုရား ဆိုပြီး ဖြစ်လာတာပါပဲ။
မေး     ဒါကတော့ ရှင်းပါပြီ ဘုရား။ ဆက်မေးချင်တာက ပါရမီသုံးဆယ်ကို အသက်ပါအသေခံပြီး ဖြည့်ဆည်းခဲ့တဲ့အတွက် အလောင်းတော်များ ဘုရားဖြစ်တဲ့အခါ ပြုလုပ်ခဲ့တဲ့ ကုသိုလ်တွေက အစွမ်းကုန်အကျိုးပေးကြလို့ လူ့လောကမပြောနဲ့ နတ်တွေ ဗြဟ္မာတွေထက်တောင် ဘုရားရှင်က အသပ္ပါယ်ဆုံးလို့ စာတွေထဲမှာ ဖတ်ဖူးပါတယ် ဘုရား။
ဖြေ      ဟုတ်ပါတယ်။ ပါရမီကုသိုလ်တွေက နောက်ထပ်အကျိုးပေးစရာ ဘ၀မရှိတော့တဲ့အတွက် ဒီဘုရားဖြစ်တဲ့ နောက်ဆုံးဘ၀မှာ စုပြုံအကျိုးပေးတဲ့ သဘောပါ။
မေး     အသပ္ပါယ်ဆုံးဆိုတာက ရဟန်းသုံးပေါ့ ဘုရား။ လူသုံးကတော့ မြတ်စွာဘုရားဟာ တစ်လောကလုံးမှာ အလှဆုံးပဲ ဘုရား။ ဒီလို အသပ္ပါယ်ဆုံး၊ အလှဆုံးဖြစ်တဲ့ ဘုရားရှင်ပုံတော်ဟာ ဒက္ခိဏသာခါကျမှ ဘာကြောင့် ဂုတ်တိုတို၊ ခါးကုန်းကုန်း ပုံပျက် ပန်းပျက်ကြီး ဖြစ်သွားရတာလဲ ဘုရား။ ဒီကြားထဲ မှိုကိုးချက် ဆိုတာကလည်း ပါလိုက်သေးတယ်။ ပြီးတော့ ခေါင်းမှာလည်း ကြာပန်းကြီး အုပ်ထားသေးတယ်။ ဒီလိုမျိုးကြီး ထုလုပ်သင့်ပါသလား ဘုရား။
ဖြေ      မထုလုပ်သင့်ပါဘူး။ ဘုရားပုံတော်ဆိုရင် ကြည်ညိုစရာ အကောင်းဆုံးပုံတော်ကိုသာ ထုလုပ်သင့်ပါတယ်။ မှိုကိုးချက်တို့၊ ကြာပန်းတို့ကလည်း လောကီဂိုဏ်းဆရားတွေရဲ့ညွှန်ကြားချက်တွေပါ။
ဘုရားပုံတော် ဘာပုံပေါက်သွားသွား ကိုယ့်လောဘအလိုပြည့်ရင် ပြီးတာပဲ ဆိုတဲ့ “အတ္တစိတ်” ကြောင့် ဖြစ်ပေါ်လာတဲ့ ပုံတော်တွေပါပဲ။
မေး     ဗုဒ္ဓရဲ့ ရူပကာယတော်ကို ထိခိုက်စေတဲ့ ဒီလိုပုံတော်မျိုးတွေကို ထုလုပ်သူတွေ၊ ကိုးကွယ်သူတွေမှာ အပြစ်မရှိဘူးလား ဘုရား။
ဖြေ      အပြစ်မရှိဘူးလားဆိုတာ အကုသိုလ် မဖြစ်ဘူးလားလို့ မေးတာနဲ့ အတူတူပါပဲ။ ဒီပုံစံကြီး ထုလုပ်လိုက်ရင်၊ ထုခိုင်းလိုက်ရင် ဗုဒ္ဓရဲ့ရူပကာယတော်ကြီး ပျက်စီးသွားပြီလို့ မသိတဲ့အတွက် ထုလုပ်သူတွေ၊ ထုလုပ်ခိုင်းပြီး ကိုးကွယ်တဲ့သူတွေမှာ အပြစ်မရှိပါဘူး။
အခုလို သိပြီးတဲ့နောက် ဒီပုံဆိုးပန်းဆိုးပုံကြီးကို ဆက်လက်ထုလုပ်နေကြမယ်။ ဆက်လက်ထုလုပ်ခိုင်းနေကြမယ်ဆိုရင်တော့ အပြစ်ရှိပါတယ်။ အကုသိုလ် ဖြစ်ပါတယ်။ တခြားဘာသာဝင်တွေ မြင်သွားရင်လည်း ဗုဒ္ဓဘာသာ ဘုရားဟာ ဒီလို ပုံဆိုးဆိုးကြီးပဲလား လို့ မေးလာနိုင်ပါတယ်။
ကော့သောင်းမြို့မှာ တရားဟောနေတုန်းက ပန်းပုဆရာတစ်ယောက် လာပြောတဲ့စကားတစ်ခွန်းကို ကြားလိုက်ရတာ ရင်ထဲမကောင်းဘဲ ဖြစ်သွားတယ်။ ရုပ်ပွားလာအပ်တဲ့သူက ခါးကုန်းကုန်းဘုရား ထုပေးပါ လို့ ပြောသတဲ့။ ပန်းပုဆရာလည်း ဘာပုံဆိုတာ မတွေးမိတာနဲ့ ဒက္ခိဏသာခါ ဘုရားပုံကို ကိုင်ပြပြီး ဒီပုံမျိုးလား ဆိုတော့ ဟုတ်တယ် လို့ ပြောသတဲ့။
နောက်မျိုးဆက်သစ် လူငယ်တွေကို တို့ဗုဒ္ဓဘာသာဘုရားဟာ ခါးကုန်းကုန်းကြီးပဲ ဆိုတဲ့ အယူဝါဒဆိုးကြီး စွဲမသွားအောင် အခုကတည်းက ပြုပြင်သင့်ပါတယ်။
အညွှန်း – အရှင်ဇ၀န (မေတ္တာရှင်-ရွှေပြည်သာ) ရေးသားတော်မူသော “ထေရ၀ါဒ မှတ်ကျောက်” စာအုပ်။