မလျှော့မတင်း စောင်းကြိုးညှင်းပြဿနာ




မြတ်စွာဘုရားသည် ဒုက္ကရစရိယာ အကျင့်မှားကြီးကို ခြောက်နှစ်ခန့်ကျင့်ရာတွင် မသေရုံတမယ် အရိုးနှင့်အရေသာကျန်၏ ။
ဂေါတမမြတ်စွာဘုရား နုစင်ဘဝ ဇောတိပါလပုဏ္ဏားဖြစ်စဉ်အခါက ကဿပမြတ်စွာဘုရားအား " သူက ခြောက်ရက် ဒုက္ကရစရိယာ ကျင့်ရင်၊ ငါကခြောက်နှစ် ဒုက္ကရစရိယာ ကျင့်မယ်" ဟူသောဝစီကံဖြင့် ပြစ်မှားခဲ့ဖူးသော ဝဋ်ကြွေးကို ပြန်လည်ပေးဆပ်ရခြင်း ဖြစ်၏ ။
ခြောက်နှစ်ပြည့်၍ ဝဋ်ကြွေးကုန်သည်နှင့် အလယ်အလတ်ကျင့်စဉ် မဇ္စိုမပဋိပဒါလမ်းကို အလိုလိုထိုးထွင်းသိပြီး သဗ္ဗေညုတဉာဏ်တော်ကို ရရှိသွား၏ ။ ဤကား ဘုရာဟော ကျမ်းဂန်လာအတိုင်း အတိအကျဖြစ်၏ ။ သို့သော် ယခုအခါ မည်သည့်ပန်းချီဆရာက ရမ်းသမ်းရေးဆွဲလိုက်သည်မသိ ၊ ဒုက္ကရစရိယာကျင့်နေသော မြတ်စွာဘုရားလောင်းရှေ့တွင် စောင်းကိုတီးခတ်ပြနေသော နတ်သားတစ်ယောက်ပုံပါလာ၏ ၊

ထိုနတ်သားက စောင်းကြိုးများကို တအားလျှော့၍တီး၏ အသံထွက်မလာ ။ တဖန်စောင်းကြိုးကို တအားတင်း၍ တီးပြန်သော် ပြတ်ထွက်ကုန်၏ ။  စောင်းကြိုးကို အလယ်အလတ်ထားတီးမှ သုတိ သာယာသောစောင်းသံ ထွက်လာ၏ ။ ထိုအခါကျမှ ဘုရားလောင်းသည် မိမိအမှားကိုသိမြင်ပြီး အလယ်အလတ်ကျင့်စဉ် မဇ္စိုမပဋိပဒါလမ်းကို ပြန်လည်ကျင့်မှ ဘုရားဖြစ်သွားသည်ဟု ပန်းချီကားက ညွှန်းပြနေ၏ ။
သမ္မာသမ္ဗုဒ္ဓဂုဏ်တော်၏ အဓိပ္ပါယ်မှာ ' သစ္စာလေးပါးကို ဆရာမရှိဘဲ ကိုယ်တော်တိုင် သိတော်မူခြင်း ' ဟု အဓိပ္ပါယ်ရ၏ ။ ထိုသမ္မာသမ္ဗုဒ္ဓဂုဏ်တော်ကြီး၏ မျက်နှာကိုထောက်ထားပြီး နတ်ကစောင်းတီးပြမှ ဘုရားရှင်သည် အကျင့်မှန်ကို ရသွားသည်ဟူသော အယူအဆကြီးကို သာသနာလောကမှ အမြန်ဖယ်ရှားပစ်ရမည်ဖြစ်၏ ။