" သာဂါရာ အနာဂါရာ စ၊ ဥဘော အညောညနိဿိတာ၊ အာရာဓယန္တိ သဒ္ဓမ္မံ၊ ယောဂက္ခေမမ နုတ္တရံ။ " |
“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ”
လို့ဆိုပြီး အဲဒီဗုဒ္ဓ၊ အဲဒီသံဃာတွေကို ကိုးကွယ်ရမှာပါ၊ ယခုလို အပြောင်းအလွှဲရှိနိုင်တဲ့ ပုထုဇဉ်သံဃာတွေကို ဆိုတာကတော့ နောင်ရေး၊ နောင်ဘဝရေးကို သာသနာ့ဝန်ထမ်းနေတဲ့ ပုဂ္ဂိုလ်တွေလို့ဆိုပြီးတော့ အားပေးကြရမယ်၊ ဒကာ-ဒကာမတွေက အားပေးကြရမယ်၊ အဲဒီလို အားပေးကြတဲ့အတွက် ဒကာ-ဒကာမတွေမှာ ကုသိုလ်တွေပွါးလို့၊ မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်း ကုသိုလ်တွေပွါးလို့၊ ပြီးတော့ ဒီကသံဃာတော်တွေကလဲ စိတ်ကောင်းကောင်းထား၊ ကောင်းကောင်းနေထိုင်၊ ကောင်းကောင်းကျင့်ကြတဲ့အတွက် မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်း ကုသိုလ်တွေပွါးလို့၊ အဲဒီလို ဆိုတော့ကာ ဆရာရော ဒကာပါ "ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ" ဆိုသလို အချင်းချင်းအားထား၊ ကုသိုလ်တွေပွါးပြီးတော့ ဓမ္မစကြာမှာပါတဲ့ သစွာလေးပါးကို မျက်စိနဲ့ မြင်သလို ဉာဏ်နဲ့ မြင်ကြရလိမ့်မယ်။
ဘုရားရှင် လက်ထက်တော်တုန်းက သာသနာတော်တွင်းက အရှင် သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်၊ အရှင်မဟာကဿပတို့ အမှူးရှိတဲ့ သံဃာတော်များစွာ အတွင်းလမ်းကနေပြီးတော့ သူတော်ကောင်းတရားတွေ ပြီးစီးအောင် ကြိုးစားတော်မူခဲ့ကြတယ်၊ အနာထပိဏ်သူဌေး၊ ဗိမ္မိသာရမင်းတို့၊ ဝိသာခါတို့ အဲဒီလို သူတော်ကောင်းတွေက အပြင်လမ်းကနေပြီးတော့ သာသနာတော်ကို ကူညီထောက်ပံ့ခဲ့ကြတယ်၊ အဲဒီတုန်းက ဝိသာခါတို့များ ဘယ်လောက် အမြင်ကျယ်သလဲဆိုတော့ မြတ်စွာဘုရားကို လျှောက်ထားတယ်၊
"အာဂန္တုတွေများ ကြွလာလို့ရှိရင် တပည့်တော် အမြဲဆွမ်းကပ်ပါရစေဘုရား" တဲ့၊
"ဝိသာခါ - သင်က ဘယ်အကျိုးထူးကို မြင်လို့ အာဂန္တုက လာသမျှ ဆွမ်းကပ်ချင်သတုန်း" လို့ မြတ်စွာဘုရားက မေးတော့
"တပည့်တော်များက နောင်ကျတော့ ဘယ်ရဟန်းဖြင့် ပရိနိဗ္ဗာန်စံသွားသတဲ့လို့ မေးပါမယ် ဘုရား၊ အဲဒီလို မေးလို့ ကြွလာဖူးပါတယ်ဆိုတာ သိရတဲ့အခါ အဲဒီ ကိုယ်တော်မြတ်ဖြင့် ငါ့ရဲ့ဆွမ်း ဘုဉ်းပေးဖူးပြီဆိုပြီး အင်မတန် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါလိမ့်မယ်ဘုရား၊ အဲဒါကြောင့် ကြွလာသမျှ အာဂန္တုရဟန်းကို တပည့်တော် ဆွမ်းကပ်ပါရစေဘုရား" လို့ လျှောက်ပါတယ်။
ဒါကြောင့်
"သာဂါရာစ - အိမ်ရာတည်ထောင်၊ လူတို့ဘောင်၌ နေကြသော ဗိမ္မိသာရမင်း၊ အနာထပိဏ်သူဌေး၊ ဝိသာခါ အစရှိတဲ့ လူဝတ်ကြောင်တို့သည်လည်းကောင်း၊
အနာဂါရာစ - အိမ်ရာမထောင်၊ သာသနာ့ဘောင်၌ နေကြကုန်သော အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်၊ အရှင်မဟာကဿပ၊ အရှင်အာနန္ဒာ အစရှိတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တို့သည်လည်းကောင်း၊
ဥဘော - ဆရာဒကာ နှစ်ဦးတို့သည်၊
အညောညနိဿိတာ - ကိုင်းကို ကျွန်းမှီ၊ ကျွန်းကိုင်းမှီသို့၊ ပမည်မယွင်း၊ အချင်းချင်း အားထားကြကုန်လျက်၊ "
အကယ်၍များ ဝိသာခါတို့၊ အနာထပိဏ်တို့၊ ဗိမ္မိသာရမင်းတို့လို ခေါင်းဆောင်တွေ မရှိဘူး၊ နောက်လိုက်တွေလဲ မရှိဘူးဆိုရင် ဒီသာသနာတော်မြတ်ကြီးဟာ ကြာကြာ တည်နိုင်စရာ မရှိပါဘူး။
" သာဂါရာ အနာဂါရာ စ၊ ဥဘော အညောညနိဿိတာ၊ အာရာဓယန္တိ သဒ္ဓမ္မံ၊ ယောဂက္ခေမမ နုတ္တရံ။ "
သာဂါရာစ - ဧည့်အိမ်ရာတည်ထောင်၊ လူတို့ဘောင်၌ နေကြကုန်သော လူဝတ်ကြောင် သူတော်ကောင်းတို့သည်လည်းကောင်း၊
အနာဂါရာစ - အိမ်ရာ မထောင်၊ သာသနာ့ဘောင်၌ နေကြကုန်သော ရဟန်း သူတော်ကောင်းတို့သည်လည်းကောင်း၊
ဥဘော - ဆရာဒကာ နှစ်မျိုးတို့သည်၊
အညောညနိဿိတာ - ကိုင်းကိုကျွန်းမှီ၊ ကျွန်းကိုင်းမှီသို့၊ ပမည်မယွင်း၊ အချင်းချင်း အားထားကြကုန်လျက်၊
ယောဂက္ခေမံ - ကာမယောဂ၊ ဘဝယောဂ၊ ဒိဋ္ဌိရောဂ၊ အဝိဇ္ဇာယောဂဆိုတဲ့ ယောဂတို့၏ ပျောက်ပျက်ကုန်ဆုံးရာဖြစ်သော၊
အနုတ္တရံ - အတုမရှိ မြတ်သော၊
သဒ္ဓမ္မံ - သစ္စာလေးတန်၊ မဂ်ဖိုလ်နိဗ္ဗာန်ဟူသော သူတော်ကောင်းတရားကို၊
အာရာဓယန္တိ - ကိုယ်စီကိုယ်ငှ၊ ပြီးစီးနိုင်ကြစေကုန်သတည်း။
အရှင်ဇနကာဘိဝံသ
......................................
The eXistence မှ
အရှင်ဇနကာဘိဝံသ ၏ ဓမ္မစကြာတရားတော်နှင့် အနတ္တလက္ခဏသုတ်တရားတော် စာအုပ် (စာမျက်နှာ - ၂၅၃-၂၅၅) မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
0 မှတ်ချက်: