ဗေဒင်အတိုင်းသာ သတ္တဝါတွေဖြစ်နေကြရင်


ဗေဒင်၊ လက္ခဏာ၊ အိပ်မက်တိတ္တုံ၊ အတိတ်စွဲ၊ နိမိတ်စွဲတို့၌ ယုံကြည်ခြင်းသည် ဒွန်းစဏ္ဍား ဗုဒ္ဓဘာသာဝင်တို့၏ လက္ခဏာဟု ဘုရားရှင်ကိုယ်တော်တိုင် (အင်္ဂုတ္တရပါဠိတော်-တတိယ-စာမျက်နှာ ၁၈၁) တွင်ဟောကြားတော်မှုခဲ့ပါသည်။ 
ဗုဒ္ဓဘာသာဝင်တို့ ရရှိတည်ဆောက်အပ်သောသမ္မာဒိဋ္ဌိ ငါးမျိုးရှိရာတွင် ကမ္မဿကတာ သမ္မာဒိဋ္ဌိသည် အခြေခံ ပထမ အဆင့် ဖြစ်ပါသည်။ ယင်းအခြေခံ သမ္မာဒိဋ္ဌိအဆင့်တွင်မှ မတည်လျှင် အထက်အဆင့် သမ္မာဒိဋ္ဌိလေးမျိုးကို ရရှိဖို့ရာ မဖြစ်နိုင်ပါ။ ဗေဒင်၊ လက္ခဏာ၊ အိပ်မက်တိတ္တုံ၊ အတိတ်စွဲ၊ နိမိတ်စွဲတို့၌ ယုံကြည်ခြင်းသည် ကံ၊ ကံ၏ အကျိုးကို မယုံကြည်ခြင်းဖြစ်သောကြောင့် မည်သည့်နည်းနှင့်မျှ တည်တော့မည် မဟုတ်ပါ။ ကံ၊ ကံ၏ အကျိုးကို မယုံကြည်လျှင် ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်လည်း မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်တော့ပါ။ ဗေဒင်နှင့် ပတ်သက်၍ ကျေးဇူးရှင် နမ္မားဆရာတော်ကြီး အရှင်ဉာဏ ၏ အောက်ပါဩဝါဒတော်ကို လေးနက်စွဲမြဲစွာ မှတ်သားအပ်လှပါ၏ ။

"ဗေဒင်အတိုင်းသာ သတ္တဝါတွေဖြစ်နေကြရင် သိဒ္ဓတ္ထမင်းသား ဖွားမြင်သောအခါ ဖွားဖက်တော်ခုနစ်ယောက်လည်း တစ်ချိန်တည်း မွေးဖွားကြတယ်။ ဖွားဖက်တော်တို့၏ ဇာတာခွင်နှင့် သိဒ္ဓတ္ထမင်းသား၏ ဇာတာခွင်သည် အတူတူပဲ။ သိဒ္ဓတ္ထမင်းသား ဘုရားဖြစ်လျှင် ဖွားဖက်တော်တွေလည်း ဖြစ်သင့်တယ်။ အခုတော့ သတ္တဝါတွေ ဖြစ်ကြရတာက ဗေဒင်၏ ဇာတာခွင်အတိုင်းမဟုတ်၊ ကံကြမ္မာအတိုင်းသာ ဖြစ်ကြရသောကြောင့် သိဒ္ဓတ္ထမင်းသားကဘုရားဖြစ်၊ ကာဠုဒါယီတို့က ရဟန္တာ ဖြစ်ကြရတယ်မဟုတ်လား"

"မှန်ပါ့ ဘုရား"

"အဲဒါကြောင့် ဗေဒင်အခေါ်ဖြစ်သော ပြဿဒါး၊ ရက်ရာဇာ၊ ရှမ်းရက်၊ တာနောရက်၊ ဝါရမိတ္ထူ၊ ကမ္ဘာပျက်ရက်တို့သည် ပညတ်တွေဟုမှတ်၊ ကောင်းကျိုးဆိုးကျိုး မပေးနိုင်။ ဗေဒင်ဆရာတွေကို ထမင်းအိုးခွဲတာ မဟုတ်ဘူးကွဲ့။ ပညတ်စွဲကွာအောင် ခွါရတာပဲကွဲ့ မောင်စိန်ရဲ့"

"မှန်ပါ့ ဘုရား"
                                                 ........................................
the eXistence  မှ မင်းနန် (မော်ကျွန်း) ရေးသားပြုစုထားသော - "ဆရာတော်ကြီးများ၏ ဩဝါဒတော်များ" စာအုပ် (စာမျက်နှာ- ၁၈၅) မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။