ရေးသားသူ :
Buddhism Beams
//
အချိန် :
11:56
// 0
 |
နိဗ္ဗာန်ကို လက်တွေ့ကိုယ်တိုင် ကျင့်ကြံအားထုတ်ခြင်းဖြင့်သာ ရနိုင်တယ်
အခြားဘာသာအားလုံးမှာ God လို့ခေါ်တဲ့ ဘုရားဟာ လူသားတွေရဲ့ ဖန်ဆင်းရှင်ဖြစ်ပြီး သူ့ကို ဘယ်သူမှ ဖန်ဆင်းထားတာ မဟုတ်ဘူး။ God ဟာ ထာဝရ တည်မြဲတယ်။ သူ့ကိုတော့ ဘယ်သူကမှ ဖန်ဆင်းထားတာမဟုတ်ဘူး။ ဘယ်သူကမှလည်း မဖျက်ဆီးနိုင်တဲ့ အနန္တ တန်ခိုးရှင်ဖြစ်တယ်။
ဗုဒ္ဓဘာသာမှာတော့ “ဘုရား” ဆိုတာ “လူသားစစ်စစ်” ဖြစ်တယ်။ ဖန်ဆင်းရှင် မဟုတ်ဘူး။ လူသားဆိုပေမယ့် ရိုးရိုးလူသားတော့ မဟုတ်ဘူး။ “မဟာလူသား ဗုဒ္ဓ” ဖြစ်တယ်။ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း လို့ခေါ်တဲ့
မရေမတွက်နိုင်အောင် များပြားလှတဲ့ ဘ၀ပေါင်း အသင်္ချေကို ပါရမီဖြည့်ဆည်းခဲ့တဲ့ ပုဂ္ဂိုလ်ထူးဖြစ်တယ်။ လူလူခြင်းမှာတော့ “ဗုဒ္ဓ” ကို ဘယ်သူမှ မယှဉ်နိုင်ပါဘူး။ အသိဉာဏ်အရာ၊ ပညာအရာ၊ ပါရမီအရာ၊ တန်ခိုးအရာ၊ မေတ္တာတရားအရာ၊ ဂရုဏာတရားအရာ ယှဉ်နိုင်သူ မရှိတဲ့ မဟာလူသား ဖြစ်တယ်။ လူသားဖြစ်လို့ “သေခြင်း” ဆိုတဲ့ သဘောတရားရှိတယ်။ ဒါကြောင့် “ပရိနိဗ္ဗာန်” ပြုရတယ်။ ဒါပေမယ့် “ဗုဒ္ဓဘုရားရှင်” ရဲ့ ဘ၀ဟာ နောက်ဆုံးဘ၀ဖြစ်ပြီး ဒီဘ၀ရဲ့ သေခြင်းပြီးရင်တော့ “အ,မတံ” လို့ခေါ်တဲ့ “အိုခြင်း၊ နာခြင်း၊ သေခြင်း” ကင်းရာ “နိဗ္ဗာန်” ကိုအပြီးအပြတ် ရောက်ရှိတော့မှာဖြစ်ပါတယ်။
အခြားသော အယူဝါဒတွေနဲ့ ဗုဒ္ဓအယူတို့ကြားမှာ သိသိသာသာခြားနားစေတဲ့ နောက်ဆုံးအရာကတော့ “အန္တိမ” ပန်းတိုင် ဘဲ ဖြစ်ပါတယ်။ ဟိန္ဒူအယူဝါဒရဲ့ အန္တိမပန်းတိုင်ဟာ “မဟာဗြမ္မာ” ဖြစ်တယ်။ မဟာဗြမ္မာကြီးနဲ့ ပူးပေါင်းသွားဖို့ရာ အဓိက ပန်းတိုင် ဖြစ်တယ်။ ခရစ်ယာန် နဲ့ အစ္စလာမ်ဝါဒတွေရဲ့ ပန်းတိုင်ဟာ “ဘုရားသခင်ရဲ့ ကောင်းကင်ဘုံ” ဖြစ်တယ်။ ထာဝရ ဘုရား၊ အလာဟ်ရှင်တို့ရဲ့ စည်းမျဉ်းဥပေဒတွေကို လိုက်နာပြီး “ယုံကြည်ခြင်း” အားဖြင့် “ကောင်းကင်ဘုံ” ကို ရောက်နိုင်တယ်လို့ ယုံကြည်ကြတယ်။
ဗုဒ္ဓဘာသာရဲ့ “အန္တိမ” ပန်းတိုင်ဟာ “နိဗ္ဗာန်” ဖြစ်တယ်။ “နိဗ္ဗာန်” ဟာ ဘုံဌာနတစ်ခုမဟုတ်ဘူး။ နေရာဌာနတစ်ခုမဟုတ်ဘူး။ Paradise လို့ခေါ်တဲ့ ကောင်းကင်ဘုံလို နေရာဌာနတွေနဲ့ မနှိုင်းယှဉ်အပ်ဘူး။ “နိဗ္ဗာန်” ဟာ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ် တွေ မရှိဘူး။ အချိန်မရှိဘူး။ နေရာမရှိဘူး။ “သန္တိသုခ” လို့ခေါ်တဲ့ အနှိုင်းမဲ့ သုခသာလျှင် ရှိတယ်။ ဘ၀ပေါင်းများစွာက ဆက်ပြီးရင်း ဆက်လာခဲ့တဲ့ “ဒုက္ခ” ကွင်းဆက်ကြီး ပြတ်တောက် သွားခြင်းဖြစ်တယ်။ ဘ၀ဆိုတာ မရှိတော့ဘူး။ ဆင်းရဲအပေါင်းချုပ်ငြိမ်းရာ ဖြစ်တယ်။ နိဗ္ဗာန်ကို ဘာမှ မရှိဘူးဆိုရင် ဗုဒ္ဓအယူမဟုတ်တော့ပါ ။ နိဗ္ဗာန်ဆိုတာ “အတ္ထိ” ဧကန်ရှိတဲ့ တရားဖြစ်တယ်။ နိဗ္ဗာန်မှာ မရှိတာကတော့ “ဆင်းရဲဒုက္ခ” သာလျှင်ဖြစ်တယ်။ နိဗ္ဗာန်ချမ်းသာကို သာမန် မျက်စေ့၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် တို့ဖြင့် မသိနိုင်ဘူး။ ဒါကြောင့် ကိုယ်သိတဲ့ အသိနဲ့ ယှဉ်ပြီး နိဗ္ဗာန်ချမ်းသာကို နားလည် သဘောမပေါက်နိုင်ကြတာ ဖြစ်တယ်။
နိဗ္ဗာန်ကို ယုံကြည်မှုသက်သက်ဖြင့် မရနိုင်။ လက်တွေ့ကိုယ်တိုင် ကျင့်ကြံအားထုတ်ခြင်းဖြင့်သာ ရနိုင်တယ်။ ဗုဒ္ဓဘုရားရှင်တို့ မည်သည်လည်း နိဗ္ဗာန်ကို မည်သူတစ်ဦးတစ်ယောက်ကိုမှ လက်တွဲပြီး ခေါ်မသွားနိုင်ပါ။ ကျင့်ကြံရမည့် နည်းလမ်းကိုသာ ညွှန်ပြ နိုင်တယ်။ ဒီလိုကျင့်ကြံတဲ့ ပုဂ္ဂိုလ်ဟာ နိဗ္ဗာန်ချမ်းသာကို လက်တွေ့ဒီဘ၀မှာဘဲ ခံစားသိရှိနိုင်တယ်။ နောက်ဘ၀ကို ကူးစရာ မလိုပါ။ “မဂ္ဂင်” လို့ခေါ်တဲ့ အကျင့်အကြံနှင့် နိဗ္ဗာန်ကို ပထမတစ်ကြိမ် မျက်မှောက်ပြုဘူးသူဟာ နောက်ထပ် ဒီဘ၀မှာတွင် နိဗ္ဗာန် အရသာကို ထပ်မံခံစားနိုင်တယ်။ (၄)ကြိမ်တိတိ မျက်မှောက်ပြုပြီးရင်တော့ ဒီဘ၀မှာတွင် နိဗ္ဗာန်ကို အလိုရှိတဲ့အချိန်မှာ အလိုရှိ သလို ခံစားနိုင်တယ် ။ နောက်ဘ၀ရောက်မှ ခံစားရမှာမျိုးမဟုတ်ဘူး။ အဲဒီလို (၄)ကြိမ်တိတိ နိဗ္ဗာန်ကို မျက်မှောက်ပြု(ခံစား)ပြီး တဲ့ ပုဂ္ဂိုလ်ဟာ ဒီဘ၀ ခန္ဓာကိုယ် ချုပ်ငြိမ်းသွားရင် ထာဝရနိဗ္ဗာန် (အနုပါဒိသေသ နိဗ္ဗာန်)ကို ခံစားရတော့မှာဖြစ်တယ်။
သရ၀ဏ်
................................... |
Buddhism Beams (Myanmar) Website အား ဆက်လက်ရှင်သန်ရန်အလို့ငှါ လှူဒါန်းနိုင်ပါသည်
Website အား Domain ဆက်လက်ဝယ်ယူရန်အတွက် အားပေးလိုသူများ Side bar တွင် "Donate" ကိုနှိပ်၍လှူဒါန်းနိုင်ပါသည်။ငွေကြေးဖြင့် မတတ်နိုင်သူများအနေဖြင့် ကြော်ငြာပုံလေးများကို နှိပ်ပေးခြင်းဖြင့် ကူညီနိုင်ပါသည်။
Follow Me on
Twitter or On
Facebook
If you enjoy the post, you might like these related articles as well :
0 မှတ်ချက်: